Popular Posts

Friday 22 March 2019

ဗင်နီဇွဲလားရေ အကြွေးမဆပ်နိုင်ရင် ရွှေတွေ ရောင်းပစ်တော့မယ်' ဆိုတဲ့ Citi ဘဏ်ကြီး

☀️  'ဗင်နီဇွဲလားရေ အကြွေးမဆပ်နိုင်ရင် ရွှေတွေ ရောင်းပစ်တော့မယ်' ဆိုတဲ့ Citi ဘဏ်ကြီး ☀️



         ဗင်နီဇွဲလားကို ဆင်းရဲသွားအောင် ကြိုးကိုင်ခြယ်လှယ်သူကြီး သမ္မတ Nicolas Maduro တစ်ယောက် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို မရှုမလှခံနေရသည်။ အမေရိကန်က ဗင်နီဇွဲလားဆီက ရေနံ ကို မဝယ်တော့ပြီ။ ယခုလတွင် အမေရိကန်သို့ ဗင်နီဇွဲလားရေနံတင်ပို့မှုက သုည အမှတ်သို့ ကျဆင်းသွားပြီ ဖြစ်သည်။ 

         ထို့ အပြင် Maduro ရင်ဆိုင်နေရသော ပြဿ     နာ တစ်ရပ်ရှိသေးသည်။ ကမ္ဘာ့ထိပ်တန်းဘဏ်လုပ်ငန်းစုဖြစ်သော Citi Group မှ ဗင်နီဇွဲလား ချေးယူထားသော ဒေါ်လာ 1.6 ဘီလီယံကို ယခုလကုန်တွင် ပြန်မဆပ်နိုင်ပါက Citi Group တွင်ထားရှိသော ဗင်နီဇွဲလားရွှေများကို ရောင်းဖို့ အစီအစဉ်ရှိနေသည်။ ၂၀၁၅ ခုနှစ် ဧပြီလတုန်းက ဗင်နီဇွဲလား၏ စီးပွားရေးကျဆင်းခြင်း နှင့် ဟိုက်ပါအင်ဖလေးရှင်းတို့ မသောင်းကျန်းခင်ကာလတွင် ဘဏ္ဍာငွေ အကြပ်အတည်း ဖြစ်ပေါ် ခဲ့သည်။ ၄င်းအခြေအနေကို ဖြေရှင်းရန် Maduro က Citigroup တွင် ရွှေ ကို ထားပြီး ငွေသား ဒေါ်လာ 1 ဘီလီယံ လဲလှယ်ယူထားခြင်း ဖြင့် တိတ်တဆိတ် ဖြေရှင်းခဲ့သည်။ အပေါင်ထားသည့် သဘောပင်ဖြစ်သည်။


      ဗင်နီဇွဲလား ဗဟိုဘဏ်က ချေးငွေရရှိဖို့ အတွက် Citi တွင်  ရွှေတန်ချိန်ပမာဏ 1.4 သန်း အောင်စ ထားရှိပြီး အပေးယူလုပ်ထားခဲ့ကြောင်း ပြီးခဲ့သော လကတော့ ရိုက်တာ သတင်းဌာနက အင်တာဗျူးမှာ ထုတ်ပြောခဲ့သည်။ ယခုအခါ ဗင်နီဇွဲလားအနေဖြင့် ၄င်းငွေ အတွက် အတိုးများလည်းပေးစရာ ရှိနေသည်။ Citi က ၄င်းတို့ ရွှေများကို အရံစုဆောင်းမှု အနေဖြင့် ဆက်လက် ထိန်းသိမ်းထားလိမ့်မည် ဟု မျှော်လင့်ထားကြောင်းလည်း ပြောခဲ့သည်။ 

       ၂၀၁၅ တုန်းက Citi Group ၏ Citibank နှင့် သဘောတူညီချက်အရ ဗင်နီဇွဲလားက ၂၀၁၉ ခုနှစ်မတ်လ ၁၁ ရက်နေ့တွင် ပြန်လည်ပေးဆောင်ရမည် ဖြစ်သည်။ ယခုအခါ Citibank ကို ဗင်နီဇွဲလားဗဟိုဘဏ်က ငွေ မလွှဲပေးသေးပေ။ ရိုက်တာ သတင်းဌာနမှ ထုတ်ဖော်ချက်အရ Citibank ကတော့ အာမခံ အဖြစ်ယူထားသော ရွှေများသည် ယခုဈေးကွက်ပေါက်ဈေး အရတွက်လျှင် ဒေါ်လာ 1.358 ဘီလီယံခန့် တန်နေပြီ ဖြစ်သောကြောင့် ၄င်းတို့ ချေးပေးထားသော ငွေကို ထေကာမိရန်အတွက် ထုတ်ရောင်းဖို့ စီစဉ်နေကြောင်း သိရသည်။ 

         Maduro ကတော့ ယခုလ အစောပိုင်းတုန်းကတောင် UAE မှ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီဖြစ်သော Abu Dhabi Capital သို့ ဗင်နီဇွဲလား ဗဟိုဘဏ်ပိုင်ဆိုင်မှု ထဲမှာ ရွှေ ၃ တန် ကို ဖဲ့ထုတ်ရောင်းလိုက်သေးသည်။ သို့သော်လည်းပဲ ယခုအခါ တိုင်းရေးပြည်ရေးမငြိမ်သက်သောကြောင့် ရောင်းဝယ်မှုများ ထပ်မံ လုပ်ဆောင်ဖို့ ခက်ခဲနေပြီ ဖြစ်သည်။ 

         ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Guaido ကတော့ ဗြိတိသျှ အာဏာပိုင်များကို Maduro ဆီက ရွှေ များလက်သင့်မခံတော့ရန် တောင်းဆိုးထားသည်။ အင်္ဂလန်ဗဟိုဘဏ် (BOE)တွင် Maduro အစိုးရ၏ ရွှေ တုံး ဒေါ်လာ 1.2 ဘီလီယံဖိုး လက်ဝယ်ထားရှိထားသည်။ ယခုအခါ အင်္ဂလန်ဗဟိုဘဏ်က Maduro ၏ တောင်းဆိုချက်များကို ရွှေ ဖြင့် လျှော်ပစ်ရန် သဘောမတူကြောင်း ပြောကြားထားသည်။ 

         ဗင်နီဇွဲလားသည် ၂၀၁၇ ခုနှစ် အထိ ကမ္ဘာ့ရေနံ အရံသိုလှောင်ထားရှိမှု နံပါတ်တစ်နေရာ တွင် ရှိနေခဲ့သည်။ ၂ နှစ်အတွင်း အဝီစိဆင်းရဲတွင်းထဲ သို့ဇောက်ထိုးကျလာခဲ့သည်။ တိုင်းပြည် တစ်ပြည်၏ အနာဂတ်သည် ခေါင်းဆောင်အပေါ် များစွာ မူတည်သည်။ ယခင်က အနောက်အုပ်စုတွင် အကောင်ဖြစ်ခဲ့သော ဗင်နီဇွဲလား၏ အဖြစ်ကို သင်ခန်းစာယူသင့်ပေသည်။ 





No comments:

Post a Comment