ရွှေလီက မိတ်ဆွေတစ်ယောက်က နွားအရောင်းအဝယ်လုပ်ဖို့ လုပ်နေတယ်။ မြန်မာပြည်ကလာတဲ့ နွားတွေ ဝယ်ပြီး ဝအောင်ကျွေးမယ်။ ရောင်းမယ်ပေါ့။ သူ့ခြံကို လာလည်ဖို့ ခဏခဏခေါ်နေတာ။
၂၃-၉-၂၀၁၈ ရက်နေ့က ကျယ်ဂေါင်ရောက်တုန်း ဖုန်းဆက်လိုက်တော့ လာကြိုတယ်။
သူ့ခြံကို ခေါ်သွားပြတယ်။ ကျယ်ဂေါင်-ရွှေလီ လုံတောင်းလမ်းဆုံကနေ ၁၀ မိနစ်လောက် ကားမောင်းရတယ်။
ခြံကကိုယ်ပိုင်မဟုတ်ဘူး။ အစိုးရခြံ။ ၂ ဧကလောက်ခြံထဲမှာ နွား အကောင် ၃-၄၀၀ ကျွေးနိုင်တဲ့ နွားတဲ ကွန်ကရစ်ခင်း သံဖရိမ် နဲ့ ဆောက်ထားတယ်။ အလုပ်သမားနေဖို့ အိမ်ပါတယ်။ အစာလှောင်ကန်တွေပါတယ်။ အစာနုလှောင်ဖို့နဲ့ ပိုင်ရှင် နေဖို့ နွားဝယ်တဲ့သူတွေလာရင်နားဖို့ အတွက် အဆောက်အဦ ၁ လုံးပါတယ်။
၁ နှစ်ကို မြန်မာငွေ သိန်း ၄၀၀ နဲ့ ၁၀ နှစ် စာချုပ် တစ်နှစ်ချင်းပေး ငှားပေးတာ။ လုပ်ငန်းအောင်မြင်ရင် တိုးချဲ့ဖို့ မြေလွတ်တွေ ထပ်လိုချင်ရင် လိုသလောက် ရနိုင်သေးတယ်
နွားတွေ ခြံထဲရောက်ရင် သူတို့ မွေးမြူရေးဌာနကို ခေါ်လိုက်။ ၁ ကောင်းချင်းစီကို QR Code ပါတဲ့ ear tag တွေ လာရိုက်ပေးပြီး၊ ကာကွယ်ဆေး၊ အားဆေး၊ တွေ ထိုးပေးမယ်။ အခမဲ့ လို့ပြောတယ်။
၂၁ ရက်ပြည့်ရင် နောက် ၁ ခေါက်ပြန်လာပြီး တစ်ကောင်ချင်းစီအတွက် certificate တစ်ရွက်ပေးမယ်။ အဲဒီစာရွက်ပါရင် တရုတ်တစ်ပြည်လုံးကို သယ်ဆောင်ခွင့်ရပြီ။
လမ်းမှာစစ်ဆေးခဲ့ရင်လည်း QR code scanner နဲ့ scan လုပ်ပြီး စာရွက်နဲ့ ကိုက်မကိုက်ပဲကြည့်မယ်။ Commercial tax မရှိဘူး။
စကားပြောရင်း နမ့်ခမ်း နယ်စပ် တရုတ်ပြည်ဘက်ခြမ်း လုံတောင်းမှာ နိုင်ငံတကာအဆင့်မီ သားသတ်ရုံ တစ်ရုံ တည်ဆောက်နေတဲ့ အကြောင်းရောက်သွားတယ်။
ကျွန်တော် ကြားထားတာ အဲဒီရုံက ၁ ရက်ကို နွားကောင်ရေ ၈၀၀ သတ်မယ်။ နွားတစ်ကောင် သတ်ခုံပေါ်ရောက်ပြီး ၂ နာရီအတွင်း အသားအမျိုးအစားအလိုက်ခွဲပြီး အေးခဲခန်းထဲ ဂျပ်ဖာတွေနဲ့ရောက်သွားမယ်။ အဲဒီကနေ တွဲကားတွေနဲ့ တရုတ် တစ်ပြည်လုံးကိုသွားမယ်။
တရုတ်သူဌေးပြောတာ အစတုန်းက ၁ ရက်ကို အကောင်ရေ ၈၀၀ လျာထားတာဟုတ်တယ်။ ၁ နှစ်ကို ကောင်ရေ သုံးသိန်း ဝန်းကျင်။ အခုက ၁ နှစ်ကို အကောင်ရေ ၅ သိန်းလောက် နဲ့ တွက်ပြီးဆောက်နေတာတဲ့။
အဲ့လောက်ကုန်ကြမ်း မရရင် ခက်ပြီ အများကြီး ရင်းနှီးမြှုပ်နှံထားပြီးမှ။ မြန်မာဘက်က နွားတွေ ရှားကုန်မှာပေါ့။ ပို့စရာ ကုန်သွားမှာပေါ့။ အဲ့လိုဖြစ်ရင် ဘယ်လိုလုပ်မလဲ လို့မေးကြည့်တာ။
တရုတ်သူဌေးက တရုတ်ပြည်ဘက်က အသေအချာ ဆာဗေး လုပ်ပြီးသား မြန်မာပြည်ရဲ့ လက်ရှိ စိုက်ပျိုးမြေ အကျယ်စုစုပေါင်း၊ တစ်နှစ်ထွက်ရှိတဲ့ စိုက်ပျိုးရေး ဘေးထွက်ပစ္စည်း (ကောက်ရိုး၊ ကြံရွက်၊ ပြောင်းဖူးပင်၊ ပဲပင်) နွားစာ စိုက်ပျိုးရေး အသုံးချနိုင်တဲ့ အသုံးမပြုတဲ့မြေ နဲ့ ရေ အရင်းအမြစ်။
တစ်နှစ် ထွက်မယ့် နွားစာ တန်ချိန် ဘယ်နှစ်သန်း၊ မွေးမြူနိုင်မယ့် နွားကောင်ရေ၊ တစ်နှစ်ကို ရောင်းထုတ်နိုင်မယ့် အကောင်ရေတွက်ချက်ပြီးသားရှိတယ်။ စွမ်းအားပြည့် လုပ်နိုင်ရင် မြန်မာပြည်ကနေ တစ်နှစ်ကို နွားကောင်ရေ ၆ သန်း အထိ တင်ပို့နိုင်မယ်။ အခု တရုတ်ပြည်က ရည်မှန်းတဲ့ ပထမ အဆင့်က တစ်နှစ်အကောင်ရေ ၅ သိန်းပဲ ရှိသေးတာ။
အသာလေးထုတ်နိုင်တာပေါ့ ဘာလို့မထုတ်နိုင်ရမလဲ တဲ့။ တရုတ်ဘက်ကနေ မွေးမြူရေး နည်းစနစ်၊ စက်ယန္တရား၊ အရင်းအနှီးတွေထောက်ပံ့မယ်။ တစ်နိုင်တစ်ပိုင်ကနေ အကောင်ရေ သောင်းချီအထိ အရွယ်ပမာဏ အမျိုးမျိုးအတွက် အကောင်းဆုံးပုံစံတွေ ပညာပေး ပို့ချမယ်တဲ့။
အစတုန်းက ဒီပို့စ်ကို ရေးတင်ဖို့ စိတ်မကူးပါဘူး။ ကိုယ်ကြားခဲ့တဲ့ ကိစ္စတစ်ခု တရုတ်တွေရဲ့ဆာဗေး စွမ်းရည်၊ စီမံကိန်း၊ တွက်ချက်နိုင်မှု လုပ်ရည်ကိုင်ရည်ပေါ့။
ဒါပေမယ့် တရုတ်တွေ သိသလို မြန်မာပြည်ရဲ့ production power, available resources တွေကို မသိတဲ့ မြန်မာပြည်ကနိုင်ငံရေးသမားတွေက နွားတွေ ကုန်သွားမှာပေါ့ ဆိုတာလေး ဖတ်မိလို့ ဒါကို ချရေးလိုက်ပါတယ်။
ကိုယ့်ဆီက animal census data ရယ် available resources ရယ် လောက်ကို သိရင်ပဲ ဒီကိစ္စက အားပေးရမှာလား ပိတ်ပင်သင့်သလား သိရမှာပေါ့။
တရုတ်ပြောသလိုဆိုရင် တရုတ်ပြည်ပို့ရုံမက မလေး နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေတောင် ဈေးကွက်ရှာပြီး ပို့သင့်တယ်။
No comments:
Post a Comment