Popular Posts

Monday 11 March 2019

၂၁ ရာစု ပိုးလမ်းမ နဲ့ အကြွေးထောင်ခြောက် (BRI နဲ့ Debt Trap)🗣

၂၁ ရာစု ပိုးလမ်းမ နဲ့ အကြွေးထောင်ခြောက် (BRI နဲ့ Debt Trap)🗣

(ရခိုင်ပြည်နယ်အမတ် ဦးZaw Zaw Myint မှ ရှယ်ပါသည်)။ 

ပြီးခဲ့တဲ့အပတ်က၊ Belt and Road Initiatives (BRI) အကြောင်းကို အင်္ဂလိပ် စာစောင်တွေမှာ ဖတ်မိလိုက်တယ်။ အဲ့ဒါနဲ့စပ်မိပြီး တရုပ်ရဲ့ Debt Traps Diplomacy အကြောင်း ထပ်လေ့လာမိတယ်။ "ဟ-ဒါတွေတော့ ငတို့ရွှေမြန်မာတွေ ကျယ်ကျယ်ပြန့်ပြန့် သိသင့်တယ်ဟ၊ လက်တို့ဦးမှဖြစ်မှာပါ" လို့တွေးမိပြီး၊ ကျွန်တော်ဖတ်မိ၊ မှတ်မိ၊တွေးမိတာလေးတွေကို မျှလိုက်ပါတယ်။ တချို့လဲ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒီပိုစ့်လေးဖတ်ပြီး၊ စာဖတ်သူ အသိလေးတစုံတရာ ရပြီး၊ ဖြန့်ကြက်၍ ထပ်တွေးဖြစ်ကောင်းပါရဲ့ဟု ယုံကြည်မိပါသည်။


၁)BRI ဆိုတာဘာလဲ🗣
One Belt One Road လို့လဲခေါ်ကြပါတယ်တရုပ်ရဲ့ ၂၁ ရာစုပိုးလမ်းမစီမံကိန်းကြီးပေါ့။ အဲ့ဒီစီမံကိန်းကြီးဟာ၊ ဥရောပ၊အာဖရိက ကနေ အာရှထိ ကျယ်ပြန့်ပါတယ်။ အဲ့ဒီလမ်းတလျောက်မှာ ရှိတဲ့တိုင်းပြည်တွေမှာ တရုပ်ဟာ သက်ဆိုင်ရာနိုင်ငံတွေကို သူ့ငွေချေးပေးပြီး၊ တံတားများထိုးခြင်း၊ ဆိပ်ကမ်း၊ကားလမ်း၊ရထားလမ်း များတည်ဆောက်ခြင်း။ ရေနံပိုက်လိုင်းများ သွယ်တန်းခြင်း၊ သယံဇာတများတူးဖေါ်ခြင်း စသည့်လုပ်ငန်းများ လုပ်နေခြင်းပါ။


၂)Debt Traps Diplomacy ဆိုတာဘာလဲ🗣
လက်ရှိတရုပ်ရဲ့ ကမ္ဘာ့စီးပွားရေးကို အုပ်စိုးရေး မဟာဗြူဟာကို အကောင်အထည်ဖေါ်ရာမှာ၊ ဖွံ့ဖြိုးမှု့နှိမ့်ကျနေတဲ့ နိုင်ငံတွေအပေါ်အသုံးပြုတဲ့ (Methodology)လုပ်ငန်းဖေါ်ဆောင်ပုံ၊ ဖေါ်ဆောင်နည်းတခုပါ။ အပေါင်ပစ္စည်းထားပြီးမှငွေချေးပေး သော (Asset-based lending)စနစ်ပါ။ မြီရှင်တရုပ်နဲ့ မြီစားနိုင်ငံတို့အကြား နှစ်ဦးသဘောတူ ချုပ်ဆိုပြီး၊ ဆက်ဆံကြတဲ့ Foreign Policy ပါ။

များသောအားဖြင့်၊ အဲ့ဒီလိုစာချုပ်ကို ပြည်သူကိုချမပြကြပဲ၊ ငွေအပေးအယူအတွက် ကြားခံ Contractor ကို အသုံးပြုကြပါတယ်။ ဥပမာ - မြစ်ဆုံအတွက် China Power Investment၊ ရန်ကုန်မြို့သစ်စီမံကိန်းအတွက် China Communucation Construction Company တို့ဖြစ်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ ပြန်မဆပ်နိုင်အောင်ကိုပဲ၊ အတိုးများများယူပါတယ်။ ADB, World Bank တို့က အတိုးနှုန်း ၀.၂၅ ကနေ အများဆုံး ၃% ယူတဲ့အချိန်မှာ တရုပ်က အနဲဆုံး ၄% ကနေ ၆% ထိယူပါတယ်။ ပြန်မဆပ်နိုင်မှ အပေါင်ခံပစ္စည်းသူတို့ရမှာကိုး။ သူတို့အပေါင်လက်ခံတဲ့ပစ္စည်းကလဲ ကျွန်တော်တို့ရွာက ဦးအဝါး အမိန့်ရအပေါင်ဆိုင်က လက်ခံတဲ့၊ စက်ဘီး၊ အင်းကျီ၊ ဒံအိုး၊ဒံခွက် မဟုတ်ပါဘူး၊ အဲ့ဒီတိုင်းပြည်ရဲ့အရေးပါတဲ့ ရေ၊မြေ ပိုင်နက်တွေပါ။

အဲဒီးနည်းအရ - သီရိလင်္ကာ ကတော့ ကိုယ့်ထက်စောပြီး တရုပ်ရဲ့ အကြွေးထောင်ချောက်ထဲမိသွားပါပြီ။ အတိုးအရင်းပေါင်း US$ 13 billions တရုပ်ကို ပြန်မဆပ်နိုင်တောတဲ့အဆုံး Hambantota ဆိပ်ကမ်း နဲ့ မြေဧက ၁၅,၀၀၀ တရုပ်လက်ထဲကို နှစ်ပေါင်း ၉၉ နှစ် မင်းတို့လုပ်ခြင်ရာလုပ်ပါတော့ ရယ်လို့၊ မျက်ရည်စက်လက်နဲ့ ပဲ အရင်အစိုးရဒဏ်ဒင်းပဲခံတော့ဟဲ့ ဆိုပြီး၊ အပူလုံးကြွ၊ ရင်ကွဲပက်လက်နဲ့ ၂၀၁၇ ဒီဇင်္ဘာ မှာ တရုပ်လက်ထဲကို ဝကွက်အပ်လိုက်ရတယ်။ 

ရှေ့လူအမြင်မကျယ်၊ ကိုယ့်အတွက်ဘဲကြည့်ုပြီး လုပ်သွားတာကို၊ နောက်လူက ကျောကော့၊ ရင်ကော့ပြီး ခံလိုက်ရပြီပေါ့။ ဆပ်ပေဦးတော့ ၉၉ နှစ်။ ကျွန်ခံပြီး အကြွေးဆပ်တယ်ဆိုတာ ဒါပဲထင်ပါ့။မျက်ပေတုန်း၊ နှာခေါင်းလန်လန် သီရိလင်္ကာအမည်ခံ တရုပ်မျိုးဆက်သစ်တွေ မကြာမှီလာပြီ - မျော်ပေါ့။

သီရိလင်္ကာနောက်ကို လိုက်မှာက ပါကစ္စတန်ပါ၊ သူ့ရဲ့စီးပွားရေး အတော်ကျနေပါတယ်။ ယခုလဲ BRI ရဲ့ အပိုင်းတခုဖြစ်တဲ့ the China-Pakistian Ecomomic Corridor (CPEC) အစီအစဉ် အရ US$62 Billion တန်ဖိုးရှိ စီမံကိန်းတွေချုပ်ဆိုပြီးလုပ်ကိုင်နေပါတယ်။ လှမ်းနေပါတယ် တရုပ်ရဲ့ အကြွေးထောင်ချောက်ဆီ။ မကြာခင် "ဂျပ်" ကနဲ့ ကွိ သွားပါလိမ့်မည်။ ကွိ တောင် ကွိနေပြီလားမသိ။

အဲ့ဒီနောက်ကနေ "အာရှမှာမြန်မာကသာ ....." လို့ သံပြိုင်အော်ရင်း၊ အပြေးအလွား လိုက်နေတာကကျွန်တော်တို့ ရွှေမြန်မာပါ။ အဲ့ဒီပြေးနေတဲ့ ခြေလှမ်း ကျုပ်တို့ ဘယ်လို ချုပ်ကြမလဲ။ မိနေတဲ့ဟာတွေ၊ ဘယ်လိုပြန်ထုတ်ကြမလဲ။ မိထားပြီးတဲ့ဟာကိုတော့ အကောင်းပကတိ ပြန်ရဖို့တော့မမျော်လင့်ပါနဲ့တော့။ ကိုငတေ၊ ဦးငတေ၊ ဘကြီးတေတို့မာဖို့ အတွက် စတေးလိုက်တယ်လို့ပဲ မှတ်လိုက်ကြပါတော့။ ပစ္စယောဟောတု ပြီး ရေစက်ချ အမျှဝေ လိုက်ကြပေတော့။

ကိုယ့်အတွက်ပဲနေတတ်ခဲ့ပြီး၊ သူများအတွက်မနေပေးခဲ့တဲ့၊ သွားလေသူတွေကတော့၊ နိုင်သလောက်အားလေးနဲ့၊ တတ်နိုင်သလောက် ရောင်းစရာရှိတာရောင်း၊ ပေါင်စရာရှိတာပေါင်ခဲ့ပြီးလို့ ဒူးနှံ့စာဖတ်တဲ့သူကဖတ်၊ မုန်းဟင်းခါးလေးစားပြီး၊ နွားနို့ပူပူလေးသောက်တဲ့သူကသောက်။ ဇိမ်ကျချက်။ ကဲ - အမွေဆက်ခံသူတွေဘယ်လိုလုပ်ကြမလဲ။ မြွေပူရာ၊ ကင်းမှောက်၊ ကံဆိုးမသွားရာမိုးလိုက်လို့ရွာ၊ ကံခေလိုက်ပုံများ။ ဟိုကကန်၊ ဒီကပုတ်။


၃)အမွေဆက်ခံသူတွေဘယ်လိုလုပ်ကြမလဲ🗣

ပိုးလမ်းမတလျောက်မှာ ထောင် ထားတဲ့၊ အကြွးထောင်ချောက်၊ တရုပ်ရဲ့ ခေတ်သစ်နယ်မြေသိမ်းရေး၊ ဗြူဟာထဲမှ လက်နက်တခု။ မိတဲ့သူတွေလဲမိသွားပြီ၊ အဲ့ဒီလမ်းပေါ်မှာလျောက်နေတဲ့သူတွေလဲလျောက်နေပြီ။

"ကျွေးတင်ကျွန်ဖြစ်" ဆိုတဲ့စကားကို တရုပ်ကြီးသေသေချာချာလေ့လာထားပြီး၊ လက်တွေ့ အသုံးချနတယ် ဆိုတာကိုတော့ ကိုရွှေမြန်မာတို့ သိထားဖို့လိုပါလိမ့်မယ်။

အခုကိုဘဲ၊ ခင်ဗျားတို့၊ ကျွန်တော်တို့ အပေါ်မှာတင်နေတဲ့ ပြည်ပအကြွေး US$ 10 Billions မှာ၊ တရုပ်ကိုဆပ်ရမဲ့အကြွေးက 4 Billions လောက်ရှိနေပြီ။ NLD အစိုးရကလဲ အဲ့ဒီတရုပ်ရဲ့အကြံအစည်ကို ရိပ်မိလို့ အဲ့ဒီအကြွေးကို အမြန်ဆုံးပြန်ဆပ်ဖို့ လွှတ်တော်ကနေ တိုက်တွန်းနေတာကို တွေ့ရပါတယ်။ (အရင်အဘ ၂ ယောက်၊ ၃ ယောက်လောက်စီကနေ ပြန်တောင်းလိုက်ရင် တော့ ဒီအကြွေးတွေကြေလောက်ပါတယ် - စတာနော် အာဘွား!! အတည်ယူနဲ့။)

လွန်ခဲ့တဲ့ ၂ နှစ် လောက်က ပီကင်းမှာ Belt and Road ထိပ်းသီးဆွေးနွေးပွဲလုပ်တယ်။မြန်မာလဲတက်ပါတယ်။  B and R ရဲ့ China-Myanmar Economic Corridor (CMEC) အစီအစဉ်ထဲမှာ ကီလိုမီတာ ၁၇၀၀ ကျော်ရှည်တဲ့ ကူမင်း-ကျောက်ဖြူ ရထားလမ်းစီမံကိန်းစတင်ဖို့ပါပါတယ်။ အဲ့ဒီ CMEC အစီအမံဟာ မြန်ပြည်ကို ဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု့ ထဲမှာ အကြီးမားဆုံးပါ။

 နိုင်ငံခြား ရင်းနှီးမြုတ်နှံမှု့ (Foreign Direct Investment) ကလဲ ၂၀၁၈ ခုနှစ်မှာသိသိသာသာ ကျဆင်းသွားတော့၊ ဒီ CMEC ဟာ မြန်မာ့စီးပွားရေးတက်လာဖို့အတွက် ဂယ်ပေါက် ပဲလို့ လူကြီးတွေ ယူစထားပုံရပါတယ်။ တရုပ်နဲ့ရင်းနှီးမြုတ်နှံမှု့စာချုပ် ချုပ်ဆိုခြင်း ကနေ "Boiling frog effect" ရနိုင်တယ်ဆိုတာကို သိစေခြင်ပါတယ်။  ဖားအရှင်ကို အိုးထဲထဲ့၊ တဖြေးဖြေးမီးပေး၊ နောက်ဆုံး မာလကီးယား ဖြစ်တဲ့၊ ဖါးပြုတ်နည်းပါ။ ကျွန်တော်တို့ မြန်မာ တရုပ်ပြုတ်မဲ့ ဖား မဖြစ်စေဖို့ အရေးကြီးပါတယ်။လူကြီးတွေ သတိရှိကြပါ။

"မပြီးခင် ဗမာမမြင်စေနဲ့" တဲ့။ ခေတ်၊စနစ် ပေါ်မူတည် တဲ့ Conditional statement တခုပေါ့။  ဒီခေတ်၊ဒီစနစ်နဲ့ ညီအောင် "မလုပ်ခင် ချပြပါ" ဟု အဲ့ဒီစကားကို ပြင်ဖို့လိုပြီလို့ထင်ပါတယ်။

ပထမဦးဆုံးလုပ်သင့်တာက အဲ့ဒီ စီမံကိန်းတွေဟာ၊ မြန်မာအတွက်လား၊ တရုပ်အတွက်လား၊ ဆိုတာကို ပြည်သူတွေ ရှင်းရှင်း လင်းလင်း သိအောင် ချပြသင့်ပါတယ်။ ဒုတိယ မြစ်ဆုံ၊ ဒုတိယ လက်ပတောင်းတောင်၊ ဒုတိယ ရေနံပိုက်လိုင်း၊ မဖြစ်စေဖို့ အထူးဂရုပြု့သင့်ပါတယ်။ လောလောဆယ်ငါအဆင်ပြေဖို့အရေးကြီးတယ်၊ ကြွေးတင်နောက်လူဆပ်လိမ့်မယ် ဆိုတဲ့ အပြုအမူနဲ့ စိတ်နေသဘာထားကိုတော့၊ ဒီခေတ်၊ ဒီစနစ်၊ ဒီလူတွေရဲ့အားနဲ့ ဖြတ်ချခဲ့ပြီး၊ အဘတို့နဲ့ပဲ အန္တိမဈာပန ချလိုက်ပါတော့။

အဲ့ဒီ CMEC အစီအစဉ်ထဲ့မှာ US$ 2 billions တန်ဖိုးရှိတဲ့ Project အခု ၂၀ ပါပါတယ်။ ဆည်မြောင်း၊ တာတမံတွေ၊ပြုပြင်၊ မွန်းမံ၊ထိမ်းသိမ်းဖို့ အတွက် US$ 400 million လျာထားပါတယ်။ သို့သော် လမ်းပမ်းဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အအုံ အတွက် ကုန်ကျစရိတ်ကို ဒီ ၂ ဘီလီယံထဲမှာ မပါပါဘူး။ သူ့အတွက် သီးသန့် ချေးငွေနဲ့သွားမှာပါ။

မကြာခင်မှာ၊ ကားလမ်း၊ရထားလမ်း၊ လေယဉ်ကွင်းတွေကို အဆင့်မြှင့်တော့မယ်၊ မြှင့်တင်နေတာတွေလဲရှိတယ်။ အခြေခံ အဆောက်အဦးတွေ၊ ဟိုမှာ ဒီမှာ ဆောက်ကြတော့မယ်။ကုန်းတွင်းဆိပ်ကမ်းတွေ ဆောက်တော့မယ်။ တချို့ဟာတွေ စတောင်စနေကြပြီထင်တယ်။ ပြည်သူတွေ အလုပ်ရတော့မည်။ အင်ဂျင်နီယာတွေ ထယ်ထယ်ဝါဝါဖြစ်တော့မည်။ နည်းပညာရှင်တွေ မော်တော့မယ်။ SME လုပ်ငန်းရှင်တွေ Service supplier ဖြစ်တော့မယ်၊ Contract တွေရတော့မယ်။ ပျော်စရာကြီးပေါ့၊ တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦးတွေ၊ ခိုင်ခိုင်မာမာကြီးပေါ်လာတော့မည်။

သို့သော်၊ မေးစရာရှိလာတာက၊ ကိုယ့်ပိုက်ဆံနဲ့ကို လုပ်မှာလား၊ မဟုတ်ဘူး။ ထုံးစံမပျက်၊ချေးငှားပြီးလုပ်မယ်။ ငွေဘယ်လောက် ကုန်မလဲ၊ ဘယ်သူ့ဆီကနေ့၊ ဘယ်လောက်အတိုးနဲ့ချေးမှာလဲ၊အဲ့ဒီအတွက်ယူထားတဲ့၊ ယူမဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်၏ မနိုင်၏ တွက်ထားသလား။ မဆပ်နိုင်ရင် ဘယ်လို လုပ်ကြမလဲ။

Financial Risk assessment တွေလုပ်ပြီးပြီလား၊ တွေ့ရှိတဲ့ Risk တွေကို ဘယ်လို ထိမ်းချုပ်မလဲ (Control) ဆိုတဲ့ Mitigations တွေချထားပြီးပြီလား။ အလုပ်သမားခွဲတမ်း(Quota)၊ အင်ဂျင်နီယာဦးရေခွဲတမ်း၊ နည်းပညာရှင်ခွဲတန်း၊ သတ်မှတ်ပြီးပြီလား။ ပြည်တွင်း SME တွေအတွက်၊ ဘယ်လိုအခွင့်အရေးတွေပေးပြီး၊ ဘယ်လိုအကာအကွယ်တွေ ထားပေးမှာလဲ။ နွားရှေ့ထွန်ကြူး လုပ်တာမဟုတ်ရပါ။

အဲ့ဒီစီမံကိန်းတွေနဲ့ပတ်သက်လို့ လွှတ်တော်ထဲမှာ ဆွေးနွေးကြသလား၊ အဲ့ဒီအတွက်ကုန်ကျမဲ့ငွေကို ဘယ်သူ့စီကနေ၊ ဘယ်လိုပုံစံနဲ့ယူထားသလဲ၊ ယူမှာလဲ၊ ဘယ်လောက်ကာလကြာကြာ၊ ဆပ်ကြမလဲ၊ ပြန်ဆပ်နိုင်ပါ့မလား။ အဲ့ဒါကပြည်သူ့အတွက် စိုးရိမ်စရာပါ။ ပြည်သူတွေ သိသင့်သိထိုက်တဲ့ ကိစ္စပါ။

CMEC ရဲ့မဟာအစီအစဉ်ထဲမှာ Private Priority Project အနေနဲ့ US$ 100 billions တန်ဖိုးရှိတဲ့ ရန်ကုန်မြို့တော်သစ် စီးမံကိန်းပါပါတယ်။ China Communications Construction Company (CCCC) နဲ့ မြန်မာနဲ့ MoU တောင်ချုပ်ဆိုပြီးလောက်ပါပြီ။

ဒီစီမံကိန်းကြီးများဟာ မြန်မာအစိုးရနဲ့တရုပ်တို့၊ အပေးအယူညှိနိုင်းနေကြတုန်းပဲဟုယူဆပါသည်။ အထူးသဖြင့် အချေး၊ အငှားနဲ့ အပေးအယူဖြစ်ဖို့များပါတယ်။ ဒေသတွင်းနိုင်ငံများမှာလဲ၊ ဒီ BRI နဲ့ပတ်သက်ပြီး၊ တရုပ်ရဲ့ချေးငွေတွေဟာ မေးခွန်းထုတ်စရာဖြစ်နေပြီး၊ သူ့ရဲ့အကြွေးထောင်ချောက်ထဲ့ကို တွန်းပို့နေသလိုဖြစ်နေတာပါ။ မြန်မာကိုလဲ ချွင်းချက်အနေဖြင့် ချန်ထားခဲ့လို့မရပါဘူး။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ကူမင်း-ကျောက်ဖြူ ရထားလမ်း၊ ရန်ကုန်မြို့သစ်စီမံကိန်း စသည်တို့ ကြောင့်၊ မြန်မာပြည်သူကြားမှာ တရုပ်ဆန့်ကျင်ရေးတွေ၊ အုံနဲ့ကျင်းနဲ့ ဖြစ်လာနိုင်စရာရှိပါတယ်။ နှစ်ရှည် လများစွာ၊ မြန်မာ့မြေ၊ မြန်မာ့ရေ ကို တရုပ်ကို အငှားချ၊ လုပ်ပိုင်ခွင့်ပေးမယ်ဆိုလျင်၊ အများစုကတော့ကျေနပ်မှာ မဟုတ်ပါဘူး။ 

တရုပ်က ဒီစီမံကိန်းတွေကို သူ့တိုင်းပြည်။သူ့လူမျိုး အကျိုးစီးပွားအတွက်၊ မဟာဗြူဟာချပြီး၊ ကိုယ့်နိင်ငံထဲမှာလုပ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ လူကြီးတွေကော၊ မိမိတိုင်းပြည်နဲ့ လူမျိုး ရေရှည်ကောင်းစားရေးအတွက်၊ ဘယ်လိုဗြူဟာတွေနဲ့ ဘယ်လိုအစီအစဉ်တွေဆွဲပြီး၊ လုပ်နေပါတယ်ဆိုတာကို လူထုကို အချိန်မနှောင်းမှီ ချပြသင့်တယ်တယ်လို့ ထင်ပါတယ်။ "သူခိုးပြေးမှ ထိုးကွင်းထ"၊ လုပ်နေလို့မရပါဘူး။ မြစ်ဆုံစီမံကိန်း နဲ့ လက်ပတောင်းတောင် ကြေးနီစီမံကိန်း၊ ရေနံပိုက်လိုင်းစီမံကိန်းတွေဟာ၊ မျက်မြင်သက်သေ၊ သင်္ခန်းစာယူရမဲ့ဟာတွေပါ။

ယူနန် ကနေ ရခိုင် ကျောက်ဖြူဆိပ်ကမ်း၊ ထိုမှတဆင့်၊ အိန္ဒိယသမုဒ္ဒယာ သို့ထွက်ရေးဟာ၊ တရုပ်ရဲ့အန္တိမပစ်မှတ်ပါ။ အဲ့ဒီသွားမဲ့လမ်းတလျောက်မှာ၊ ဘာတွေကောက်စားသွားမလဲ ဆိုတာမည်သူမှ ခန့်မှန်းလို့မရပါဘူး။ တရုပ်အစားပက်စက်တာ အထူးပြောပြစရာမလိုပါ။

ယခုရေနံပိုက်လိုင်း နဲ့အပြိုင်၊ မြန်မာပြည်ကို ကန့်လန့်ဖြတ်ပြီး ရထားလမ်းဆောက်မှာပါ။ အဲ့ဒီရထားလမ်းဟာ၊ မြန်မာ့းရထားလမ်းလား၊ တရုပ်ရထားလမ်းလား၊ မြန်မာ့ အကျိုးစီးပွားအတွက်လား၊ တရုပ်အကျိုးစီးပွားအတွက်လား၊ ဘယ်သူအခိုင်အမာပြောနိုင်မလဲ။ ယခု မူဆယ်ကနေ ကျောက်ဖြူ လမ်းပိုင်းအတွက် ဘယ်သူတွေ တိုင်းထွာလေ့လာနေသလဲ၊ တရုပ်လား၊ မြန်မာလား၊ China Railway Eryuan Engineering Corporation (CREEC) ကလုပ်နေတာပါ။  ဘယ်သူ့ငွေနဲ့လဲ၊ တရုပ်ငွေလား၊ မြန်မာ့ငွေလား။ တော်ကြာနေ တရုပ်မီးရထား၊ မြန်မာပြည်တွင်ပြေးသည်။ "မြန်မာမစီးရ" ဆိုတဲ့ဆိုင်းဘုတ်နဲ့တွေ့တဲ့အခါကြမှ၊ ငါးပါး-ဆယ်ပါးတင်မက သံဃာစဉ်ပါမှောက်ပါလိမ့်မယ်။

ရေနံပိုက်လိုင်းကတော့ တရုပ်အတွက်ပဲ ဆိုတာ "လယ်ပြင်မှာ ဆင်သွားသလို" ရှင်းပါတယ်။ အငြင်းပွားစရာမရှိပါဘူး။ ရေနံပိုက်လိုင်းက တရုပ်အတွက် ရေနံသယ်ပို့သလို၊ ကူမင်း-ကျောက်ဖြူ ရထားလမ်းကလဲ၊ တရုပ်တွေပဲ၊သယ်ယူ၊သယ်ပို့ ဖို့ပဲ့ဆိုလျှင်တော့၊ တရုပ်တောမှာ မြန်မာမျောရုံပဲ ရှိပါလိမ့်မယ်။ အသေအချာ တွက်ချက်ပြီး စဉ်းစဉ်းစားစား လုပ်စေခြင်ပါတယ်။ မလုပ်ဖို့ ပြောနေတာမဟုတ်ပါ။ မပြေးသော် ကံရာရှိ၊ တကယ်လို့များ အဲ့ဒီလိုဖြစ်လာလျင်၊ ကျွန်တော်တို့ ခင်ဗျားတို့အတွက်၊ ဆုံးရှုံးမှု့နဲနိုင်သမျှ နဲပါးအောင်၊ အစီအမံ၊ အကာအကွယ်၊ (Mitigations) တွေကိုစဉ်းစား၊စီမံ၊ချထားပေးဖို့ဖြစ်ပါတယ်။ တရုပ်လူဦးရေ ၁.၄ ဘီလီယံ၊ မြန်မာလူဦးရေ ၅၅သန်း။ အချိုးချကြည့်ပါ။ အခုတောင် တရုပ်မြန်မာပြည်လာလျင် Arrival Visa ပဲလိုတယ်။ ကြိုလျောက်စရာမလိုဘူး။ မြန်မာပြည်ဟာ သူတို့အတွက် အိမ်ဦးနဲ့ကျမ်း။ ကိုယ်တို့ သူ့လေယာဉ်စီးပြီး၊ သူ့လေဆိပ်ထဲခဏဝင်၊သူ့လေယာဉ်ပြောင်း စီးတာတောင်၊ Transit visa လျောက်ရတယ်။ မတရားပုံ။ အနိုင်ကျင့်ချက်များ။ မခံစားနိုင်လို့ ပြန်ပြောတော့၊ "This is my country" တဲ့။ သူများတွေများ ကိုယ့်ဟာကို ကာကွယ်တတ်လိုက်ကြတာ။

သူတို့အစီအစဉ်ကို ကြည့်ရတာ၊ ဇာမဏီငှက်အလားသဏာန်တူတဲ့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ အရှေ့၊အနောက်၊ ဝဲယာ တောင်ပံတစုံကို ရေနံပိုက်လိုင်းကြိုးကြီးနဲ့ချီပြီး၊ နောက်ထပ် တုပ်တုပ်မှ မလှုပ်နိုင်အောင် ယူနန်-ကျောက်ဖြူ ရထားလမ်း သံကြိုးနဲ့ပါ ချီဖို့ကြိုးစားနေသလိုဖြစ်နေတယ်။ ဒါမှ ဇာမဏီရဲ့ခေါင်း မြစ်ဆုံဆည်ကို အပိုင်ကုပ်ပြီး၊ တရုပ်နဂါးကြီး က မြိုမဲ့အထာပါ။ ကြောက်တတ်လျင်၊ ကြောက်စရာအတော်ကောင်းပါတယ်။ မျိုးပြုတ်မဲ့ကိန်းပါ။

ယခုပြောခဲ့တဲ့ စီမံကိန်းတွေဟာ အစဦးပိုင်းမှာပဲ၊ ရှိနေပါသေးတယ်။ ပွင့်လင်းမြင်သာစွာ၊ ပြည်သူကို ချပြ၊ Public Consulation တွေစောလျင်စွာ လုပ်၊ ပယ်သင့်တာပယ်၊ ဖျက်စရာရှိတာဖျက်၊ လျော်စရာရှိတာလျော် သင့်တယ်လို့ထင်ပါတယ်။ ပြည်သူမှလဲ တောင်းဆိုသင့်ပါတယ်။ 

ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ အဆင်တပြေဖြစ်ရေး၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် မှာ လက်နက်ကိုင် ပဋ္ဌိပက္ခတွေ ချုပ်ငြိမ်းရေး ဟာ တရုပ်အတွက်၊ အရေးကြီးပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ အဆင်ပြေမှ သူဆောက်ချင်တဲ့၊ Highway လမ်းတွေ၊ High Speed Train တွေကို ဖေါက်လို့ရမှာပါ။

ဒါကြောင့်။ တရုပ်ဟာ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနိုင်းရေးကော်မတီ(Federal Political Negotiation and Consultative Committee - FPNCC) ရဲ့ အဖွဲ့အဝင်တွေဖြစ်တဲ့  မြန်မာပြည်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တွေနဲ့ မြန်မာအစိုးရ ပြေလည်မှု့ရရှိအောင် ဝင်ရောက်ဆောက်ရွက်ပေးနေရတာပါ။ အကျိုးလိုလို့ ညောင်ရေသွန်း နေရတာပါ။

သို့သော် မြန်မာဟာ အဲ့ဒီ CMEC အစီအစဉ်ထဲ့ပါဝင်ဖို့အတွက်၊ ကုန်ကျမဲ့ငွေကြေး၊ တရုပ်စီကနေယူရမဲ့အကြွေးဒဏ်တွေကို ခံနိုင်ရည်ရှိပါ့မလား၊ တတ်နိုင်ပါ့မလား၊ တရုပ်ရဲ့အကြွေးထောင်ချောက်ကို လွတ်အောင် ရှောင်နိုင်ပါ့မလား ဆိုတာကတော့၊ တကယ့်ဧရာမ မေးခွန်းကြီးတခုပါ။

၎)ရှိထားသင့်သော သံသယစိတ် (Healthy Skeptcism)⁉️

ဘာကြောင့်ဒါတွေပြောရသလဲဆိုတော့၊ နောင်များမှာ "တို့တော့ နှပ်အပစ်ခံရပြီဟဲ့" ဆိုပြီး "အရပ်ကယ်ပါ လူဝိုင်းပါ" မဖြစ်စေခြင်လို့ပါ။

“မီးတုတ်၊ မီးတုတ် - ရှို့ ရှို့”
“သူပုန်၊ သူပုန် - ထ ထ”
“သပိတ်၊ သပိတ် -မှောက် မှောက်”
"ဗမာပြည်သည် တို့ပြည် - Gong xi fa cai သည်သူတို့စကား"
“သခင်မျိုးဟေ့ တို့ဗမာ၊ အရေးတော်ပုံ အောင်ပါစေ”.....ဟု ထပ်ပြီးတော့ နောင်လူနောက်သား မြန်မာလူငယ်တွေကို လက်သီးလက်မောင်းတန်းပြီး မဆိုစေခြင်တော့လို့ပါ။

ဒါဟာ ပြည်သူအများမှာ ရှိသင့်ရှိထိုက်တဲ့ သံသယစိတ် (Healthy Skepticism) ပါ။သိပ်မနှောင်းခင်၊ ပြည်သူနဲ့ အစိုးရ ဒါတွေကို ကျပ်ကျပ်သတိထား၊ စဉ်းစား၊ လုပ်ဆောင်သင့်ပါတယ်။ နိုင်ငံခြားသားနဲ့အလုပ်လုပ်တိုင်း ရှိသင့်ရှိထိုက်သော သံသယစိတ်ကိုမွေးကြပါ။

၁)အကျိုးအမြတ်စံစားရတာကသူတို့၊ နောက်ဆက်တွဲဘေးဒုက္ခ ကိုဆွေစဉ်မျိုးဆက်ခံစားရမှာက ကျုပ်တို့။
၂)စီမံကိန်းတွေအစပြုချိန်၊ စနေချိန်၊အပြီးမှာ တရုပ်အလုပ်သမား နဲ့ အရာရှိတွေရဲ့၊လုပ်ပိုင်ခွင့်ကိုကျော်ပြီး၊ ပြုမှုလုပ်ဆောင်ချက်။
၃)တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားသော အပြုအမူလုပ်ဆောင်ချက်။
၎)တရုပ်၏လုပ်နည်းလုပ်ဟန်၊ နည်းပညာ ရင့်ကျက်မှု့ နဲ့ ပညာရှင် ကျင့်ဝတ်သိက္ခာ ကိုတိုင်းတာစစ်ဆေး၊ အာမခံချက်။
၎)လုပ်ပိုင်ခွင့် နဲ့ ရပိုင်ခွင့် တဖက်စောင်းနင်း မဖြစ်ရေး။
၅)တရုပ်တွေဥပဒေမဲ့ လုပ်ခြင်တာမလုပ်နိုင်အောင်၊ ဧည့်သည်မှ အိမ်ရှင်ကို မထေမဲ့မြင် အနိုင်ကျင့် စော်ကားခြင်း မလုပ်နိုင်အောင် ကာကွယ်တားစည်းခြင်း။
၆)နိုင်ငံးခြားသားတရုပ် အရေအတွက် ထိန်းချုပ်ခြင်း နှင့် နိုင်ငံအဝင်အထွက် စီစစ်ခြင်း။
၇)မြန်မာအာဏာပိုင်များဘက်မှလဲ၊ ကိုယ့်လူမျိုးကိုနှိမ့်ချဆက်ဆံပြီး နိုင်ငံခြားသားကို အထင်ကြီး၍ သော်၎င်း၊ ကြောက်၍သော်၎င်း၊ အရေပေးဆက်ဆံ၊ ဆလံသ မှု့များရှိနေလျှင် လျော့ချခြင်း။
၈)အာဏာပိုင်များ၊ နိုင်ငံခြားသားနဲ့ အလိုတူအလိုပါ၊ ဂိုဏ်းဖွဲ့ပြီး ပြည်သူကိုနှိပ်စက်ခြင်း။
၉)ဇာတ်တူသားစားခြင်းမှ ရှောင်ကျဉ်ခြင်း
၁၀)လက်သိပ်ထိုးလုပ်ကိုင်ခြင်းများကို စောင့်ကြည့်တားမြစ်ခြင်း။

နောက်ထပ်ဘာတွေဖြစ်နိုင်သလဲ၊ ပြည်သူအများစုပေါင်းပြီး (Brainstorming)ပြင်းပြင်းထန်ထန် ခေါင်းချင်းရိုက် အဖြေရှာကြပါ။ အဖြေရလျှင် ရတဲ့နေရာမှာမထားခဲ့ပဲ၊ အကောင်အထည်ဖေါ်ကြပါ။

မြန်မာအစိုးရနဲ့ ပြည်သူပေါင်းပြီး ဒီနှစ် ၂၀၁၉ မှာ အထူးဂရုပြုစောင့်ကြည့်ရမဲ့ BRI ရဲ့ စီမံကိန်း ၆ ခုရှိပါတယ်။

၁)နိုဝင်္ဘာ ၂၀၁၈ ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့တဲ့ US$10 Billions တန်ဖိုးရှိ ကျောက်ဖြူ ရေနက်စီမံကိန်း
၂)အောက်တိုဘာ ၂၀၁၈ မှာ Feasibility Study စတင်နေတဲ့ မူဆယ်-မန္တလေး ရထားလမ်း၊ ဒါဟာ ယူနန်-ကျောက်ဖြူ မီးရထား စီမံကိန်းရဲ့အပိုင်းတခုပါ။
၃)ရန်ကုန်မြို့သစ်စီမံကိန်း၊
၎)တြိဂံဒေသစီးပွားရေးဇုံ၊ ကချင်မှာရှိတဲ့ကန်ပက်လက်၊ ရှမ်းပြည်နယ်မှာရှိတဲ့ လောက်ကိုင်၊မူဆယ်၊ချင်းရွှေဟော်
၅)US$3.6 billions တန်ဖိုးရှိ မြစ်ဆုံဆည်ရေအားလျှပ်စစ်စီမံကိန်း
၆)US$20 Billions တန်ဖိုးရှိ ကျောက်ဖြူ-ကူမင်းရထားလမ်း၊၊ သမတဦးသိန်းစိန်လက်ထက် ၂၀၁၁ မှာ တရုပ်နဲ့ MoU ထိုးခဲ့ပြီး၊ ဒေသခံများကန့်ကွက်တဲ့အတွက် ၂၀၁၄ မှာ ရပ်ထားခဲ့တဲ့ စီမံကိန်းပါ။

Credit - Original Writer.

References:

1. https://bharatshakti.in/why-do-nations-fall-into-the-chinese-debt-trap/
2. https://www.heritage.org/international-economies/commentary/pakistan-about-be-caught-chinas-debt-trap-diplomacy
3. https://www.khaleejtimes.com/editorials-columns/are-more-nations-falling-into-chinas-debt-trap
4. https://www.zambianobserver.com/zambia-china-death-trap/
5. https://economictimes.indiatimes.com/news/international/world-news/new-chinese-loan-may-further-plunge-sri-lanka-into-debt-trap/articleshow/65659719.cms
6. https://chinaus-icas.org/wp-content/uploads/2017/02/American-Perspectives-on-the-Belt-and-Road-Initiative.pdf
.
Credit
.
.
မိမိ သုံးသပ်ချက်။
အဂတိများပြားလှတဲ့ အစိုးရခေါင်းဆောင်နဲ့ ခိုးသား၅၀၀ နိုင်ငံတွေမှာ China တရုပ် သာမက ဂျပန်၊ တောင်ကိုးရီးယား၊ အမေရိကန်၊ အင်္ဂလိပ်၊ ဂျာမန်၊ ရုရှား နဲ့ နောက်ဆုံး စင်ကာပူ၊ ထိုင်း နိုင်ငံများကပါ အကြွေးနဲ့ သိမ်းမှာ ဖြစ်ပါတယ်။
.
NLD အစိုးရက BRI ကော်မတီ ဖွဲ့ပြီး ပထမအစည်းဝေး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လုပ်နေပါပြီ။ ပြင်ပ ပညာရှင်တွေ ထည့်သွင်းရပါမယ်။ အရေး အလွန်ကြီးတဲ့ အမျိုးသားရေးပါ။ အဂတိ ခေါင်းဆောင်ကြီး နာဂျစ်နဲ့ ခိုးသားငါးရာ ခိုးလိုက်ကြတာ မလေးရှားနိုင်ငံ ၁၀နှစ်အတွင်း US$157 billion (ဘီလျံဒေါ်လာများစွာ) ဆုံးရှုံးကြောင်း အစိုးရသစ် ဝန်ကြီးချုပ် မဟာသီယာ က ကြေညာပါတယ်။ 
.
 အမျိုးသားရေး နံပါတ်(1) ထားပြီး စစ်တပ်ခေါင်းဆောင်တွေ ငြိမ်းချမ်းရေး တဖက်သပ် အပြစ်ခတ်ရပ်စဲပီး၊ နောက်ဆုံး လွှတ်တော်ထဲကို တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေ ထည့်ပေးရပါမယ်။ မကြာမီ ငြိမ်းချမ်းရေး ရယူတဲ့ ကိုလံဗီယာ နိုင်ငံကို စံထားရမယ်။ သူပုန် တဗိုလ်ဆင်း (သူဌေးဖြစ်) ပြီး တစ်ဗိုလ်တက် မဖြစ်အောင် အသေချာ ငြိမ်းချမ်းရေး လုပ်ရပါမယ်။  
.
အခု LNG US$5b စီမံကိန်း ၂ခုလည်း Debt Trab ပါပဲ။ Total, Unical စတဲ့ ကုမဏီတွေလည်း မတရားစာချုပ်တွေချည်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ စာချုပ်ပညာရှင် အများကြီး မွေးထုတ် ပျိုးထောင်ရပါဦးမယ်။
.
မြန်အစိုးရ BRI ကော်မတီ သတင်း
https://www.facebook.com/792607210873497/posts/1509939229140288/
.
ဇော်အောင်

No comments:

Post a Comment