Popular Posts

Monday 18 March 2019

တရုတ်နဲ့ အမေ ရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် အရှေ့တောင်အာရှနိုင်ငံတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ?


http://m.voicejournalmm.com/Home/Detail/13269

Oct 5,2018

တရုတ်နိုင်ငံ နန်နင်းမှာပြုလုပ်တဲ့ (၁၁) ကြိမ်မြောက် တရုတ်-အာဆီယံအဆင့်မြင့်ပညာရှင်များ (Think Tank) ရဲ့ ဆွေးနွေးပွဲမှာ ပီကင်းတက္ကသိုလ်က ပါမောက္ခတစ်ယောက်ကတော့ တရုတ်နဲ့ အမေ ရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် အရှေ့တောင်အာရှနိုင်ငံတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတာကို သုံးသပ်ပြခဲ့ပါတယ်။


အများအားဖြင့် တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ တစ်လှေထဲစီး တစ်ခရီးထဲသွားတွေဖြစ်တယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ သူ့ရဲ့ အယူအဆအရကတော့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ရလာမယ့် ရလဒ် တွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကြဘူး။


တရုတ်ကို တင်ပို့နေတဲ့ ပို့ကုန်တွေ လျော့သွားနိုင်တာကို အမေ ရိကန်ဘက်ပိုပြီး တင်ပို့နိုင်မယ်။ တရုတ်က စက်ရုံတွေ၊ တရုတ်ကနေ၊ အရှေ့တောင်အာရှနိုင်ငံတွေ ဘယ်လို ရွှေ့ပြောင်းထုတ်လုပ်နိုင်မယ်ဆို ရင်တော့ အဲဒီနိုင်ငံတွေဟာ အကျိုးရှိမယ်လို့ သူက သုံးသပ်တယ်။


အမေရိကန်ဟာ တရုတ်ကို ဦးတည်ပြီး တိုက်ခိုက်တာဖြစ်ပေမယ့် အရှေ့တောင်အာရှနိုင်ငံတွေလည်း ထိခိုက်မှုရှိနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေ ဖြစ်ကြတယ်။ ပြီးတော့ စက်မှုကုန်ချောထုတ်လုပ်တဲ့ ကွင်းဆက်ကြီးထဲမှာ အကျုံးဝင်နေတဲ့ နိုင်ငံတွေလည်းဖြစ်နေလို့လို့ မြင်တယ်။


အမေရိကန်က နေအားသုံးလျှပ်စစ်ဘက်ထရီတွေ၊ အဝတ်လျှော် စက်တွေအပေါ် သံမဏိ၊ အလူမီနီယံနဲ့ အခြားကုန်ပစ္စည်းတွေအပေါ် အခွန်တွေ ကောက်ခံလိုက်တဲ့အတွက် အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ပို့ကုန်တွေလျော့ပြီး သူတို့ရဲ့ ပြိုင်ဆိုင်နိုင်စွမ်းကို ထိခိုက်မယ်။

အင်ဒိုနီးရှားတို့လို ကုန်ကြမ်းတင်ပို့ရောင်းချမှုကို အားကိုးနေရတဲ့ နိုင်ငံတွေဟာ ကမ္ဘာ့ ဝယ်လိုအားကျဆင်းလာရင် ပို့ကုန်တွေကျဆင်းလို့ သူတို့ရဲ့ ကုန်သွယ်ရေးလိုငွေတွေပိုပြီး ကြီးမားလာနိုင်တယ်။


တိုက်ရိုက်အကျိုးသက်ရောက်မှုတွေရှိသလို သွယ်ဝိုက်ထိခိုက်မှု တွေလည်း ရှိနိုင်တယ်။


ကမ္ဘာ့ထုတ်လုပ်ရောင်းဝယ်မှု ကွင်းဆက်ကို ထိရင် အနာဂတ်မှာ ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို ထိခိုက်ပြောင်းလဲစေနိုင်တယ်။ တရုတ်ပို့ကုန် တွေထိခိုက်ရင် တရုတ်က အရှေ့တောင် အာရှနိုင်ငံတွေကနေ ဝယ်နေတဲ့ စက်ပစ္စည်းတွေ၊ ကွန်ပျူတာပစ္စည်းတွေကို ထိခိုက်နိုင်တယ်။ (ဥပမာ- အိုင်ဖုန်းအတွက် ပစ္စည်းတွေကို အိမ်နီးချင်း ၁၀ နိုင်ငံကနေဝယ်တယ်)

အမေရိကန်က သူ့ရဲ့ ပြည်တွင်းလုပ်ငန်းတွေအပေါ် အခွန်လျှော့ချပြီး ပြည်ပက ကုန်ကြမ်းတွေ သွင်းကုန်တွေအပေါ် အခွန်တိုးကောက်တဲ့အတွက် အရောင်းကွင်းဆက်ထဲမှာ လက်ရှိဖြစ်နေတဲ့ စရိတ်ရဲ့ အနေအထားတွေ ပြောင်းလဲသွားမယ်။ အရင်က စရိတ်သက်သာတာတွေ စရိတ်ကြီးလာပြီး စရိတ်ကြီးနေတာတွေက စရိတ်သက်သာသွားနိုင်တယ်။


ဖိအားပေးခံရတဲ့ နိုင်ငံတွေက ပစ္စည်းတွေ၊ ဈေးကြီးလို့ ပြိုင်ရ ခက်မယ်။


ခုအထဲ တရုတ်နိုင်ငံဟာ စက်မှုထုတ်ကုန်တွေ၊ ကုန်ချောတွေ တင်ပို့ တဲ့ အကြီးဆုံးနိုင်ငံဖြစ်တယ်။ ကုန်သွယ်ရေးစစ်ပွဲမစမီကတည်းက တချို့ စက်ရုံတွေ တရုတ်ကနေ တခြားနိုင်ငံတွေကို ရွှေ့နေကြပြီ။


တရုတ်အခြေစိုက် ကုန်ချောထုတ်လုပ်ငန်းတွေနဲ့ သူတို့ရဲ့ ဖောက်သည် တွေဟာ ကမ္ဘာ့စီးပွားရေး အဆောက်အဦကြီးနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်ကို ချည်နှောင်ထားတဲ့ ရှုပ်ထွေးရှည်လျားတဲ့ ထုတ်လုပ်ရောင်း ချမှုကွင်းဆက်နဲ့ ပတ်သက်လို့ ပြန်ပြီးစဉ်းစား သုံးသပ်ကြရတော့မယ်။


အခွန်တွေ တိုးလာတာကို ဘယ်လိုဖြေရှင်းကြ၊ တုံ့ပြန်ကြမလဲ။


ကုမ္ပဏီတွေဟာ အစကတည်းက စက်ရုံတွေကို ကုန်ကြမ်းသွင်းသူ တွေ၊ အစိုးရတွေနဲ့ ဆက်ဆံထား ဆက်သွယ်ထားတာမရှိဘူးဆိုရင် အခုမှ ထပြီး ဈေးကွက်သစ်ရှာဖို့ မလွယ်လှဘူး။

အပ်ချုပ်စက်လိုဟာမျိုးတွေက အခြားနိုင်ငံရွှေ့ဖို့လွယ်ပေမယ့် အီလက်ထရွန်နစ်လို ရှုပ်ထွေးတဲ့ ကွန်ရက်တွေနဲ့ တည်ဆောက်ထားတဲ့ ထုတ်လုပ်ရောင်းချရေးလမ်းကြောင်းတွေကိုတော့ ရွှေ့ဖို့ လွယ်မယ်မဟုတ်။ အီလက်ထရွန်နစ်ပစ္စည်းတွေရဲ့ အစိတ်အပိုင်းတွေ တော်တော်များများ အခုအထိ တရုတ်နိုင်ငံက လာနေတာဖြစ်တယ်။ ဒါကြောင့် တိုးလာတဲ့ သွင်းကုန်ခွန်တွေ၊ မသေချာမရေရာတာတွေကြောင့် ထုတ်လုပ်သူတွေ သောကရောက်နေကြပေမယ့် တရုတ်ရဲ့ ဦးစီးဦးဆောင်အခန်းကဏ္ဍ ကတော့ လျော့ကျသွားမယ့် အလားအလာသိပ်မရှိဘူးလို့ သုံးသပ်ချက်တွေ ရှိနေတာပါ။


လုပ်ခနိမ့်ကျတဲ့ နိုင်ငံတွေကို ဈေးကွက်ဝေစုခွဲပေးလိုက်ရတာတွေ ရှိနေပေမယ့် ကမ္ဘာ့အဝတ်အထည်ဈေးကွက်မှာ တရုတ်က ၃၅ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်က ၆.၅ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၁.၆ ရာခိုင်နှုန်းရှိတယ်လို့ ၂၀၁၇ ခုနှစ် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ အစီရင်ခံစာကဆိုပါတယ်။ ရုံးသုံးစက်ပစ္စည်းနဲ့ ဆက်သွယ်ရေး ပစ္စည်းဈေးကွက်များလည်း အလားတူ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။


တရုတ်နိုင်ငံဟာ စက်မှုလက်မှုဆိုင်ရာ အရောင်းကွင်းဆက်ရော၊ ဝန်ဆောင်မှုအရောင်းကွင်းဆက်ကိုရော တီထွင်ဆန်းသစ်ခဲ့ပြီးဖြစ်လို့ ဘယ်နိုင်ငံကမှ အစားထိုးလို့မရဘူးဆိုတာ အမေရိကန်လည်း သိထားပြီး သားပါ။


တရုတ်နိုင်ငံမှာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ တွေ တိုးတက်ကောင်းမွန်လာလို့ အစစအရာရာ အင်တာနက်နဲ့ ချိတ်ဆက် အလုပ်လုပ်ပြီးသားဖြစ်နေပြီ။ တရုတ်စက်ရုံတွေဟာ ပြိုင်ဆိုင်နိုင်စွမ်း မြင့်မားလာအောင် အလိုအလျောက်စက်သုံးလာ၊ အဆင့်မြင့်ထုတ်ကုန် တွေ ပြောင်းထုတ်လုပ်တာမျိုးတွေ လုပ်လာနိုင်ပါတယ်။


တရုတ်နိုင်ငံက လက်ရှိစက်ရုံကြီးတွေ (လက်ကိုင်ဖုန်း ၁၀ သိန်း လောက်ထုတ်နိုင်) လျှပ်စစ်ပစ္စည်း သန်းရာချီထုတ်နိုင်တဲ့ စက်ရုံမျိုး ဘယ်နိုင်ငံမှာမှ မရှိ၊ စက်ရုံရွှေ့ဖို့ ဘယ်မှာလဲ အရင်းအနှီး၊ အချိန်က လည်း နှစ်ချီကြာမယ်၊ ရွှေ့ရကျိုးကော နပ်ကြပါ့မလား။


အခုကုန်သွယ်ရေးစစ်ပွဲနဲ့ ပတ်သက်လို့ ကုန်သွယ်ရေးစစ်ပွဲ အရှိန် တက်လာရာ အဓိကအင်အားကြီးနိုင်ငံတွေက လက်တုံ့ပြန်မှာကို စိုးရိမ် လာကြရတယ်။ ကမ္ဘာ့စီးပွားရေးလောကနဲ့ စားသုံးသူတွေရဲ့ ယုံကြည်စိတ် ချမှုလည်း သိသိသာသာကျဆင်းမယ်။ ငွေကြေးရှားပါးကျပ်တည်းမယ်။ ရင်းနှီးမြှုပ်နှံမှုအတွက်ရော စားသုံးမှုအတွက်ပါ ကမ္ဘာ့စီးပွားရေး ပတ်ဝန်းကျင် အခြေခံကျကျ ပြောင်းလဲသွားနိုင်တယ်။ ဒေါ်လာဈေး တက်ပြီး အခြားငွေကြေးတွေ တန်ဖိုးကျစေနိုင်တယ်။ အရှေ့တောင် အာရှကနေ အမေရိကန်ကို အရင်းအနှီးတွေ စီးထွက်သွားနိုင်တယ်။ ဒေါ်လာနဲ့ ချေးထားတဲ့ အကြွေးတွေ ပြန်ဆပ်ရခက်မယ်။


တရုတ်နဲ့ အရှေ့တောင်အာရှက စတော့ရှယ်ယာဈေးကွက်ကိုလည်း ထိခိုက်မယ်။ အထူးသဖြင့် ပို့ကုန်ကို အဓိကထားနေရတဲ့နိုင်ငံတွေ တရုတ် ကို အများဆုံးအားကိုးတင်ပို့နေရတဲ့နိုင်ငံတွေ၊ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ် နှံမှုကို အားကိုးနေရတဲ့နိုင်ငံတွေလည်း ထိခိုက်နိုင်တယ်။

၂၀၁၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၆ ခုနှစ်မှာတချို့နိုင်ငံတွေက တရုတ်၊ တချို့က အမေရိကန်နဲ့ ကုန်သွယ်မှု ပိုလုပ်လာကြတာတွေ့ရတယ်။


အိန္ဒိယ၊ ဘူတန်၊ ဂျပန်၊ တိုင်ဝမ်နဲ့ တောင်ကိုရီးယားတို့က အမေဥရိကန်ဘက်ကို ပိုပြီး ပို့ကုန်တွေပို့တယ်။


ဒါကြောင့်လည်း စောစောကပြောခဲ့သလို အရှေ့တောင်အာရှနိုင်ငံ တွေ ရင်ဆိုင်ရမယ့် ဒုက္ခတွေ၊ ကောင်းကျိုးတွေ မတူကြဘူးလို့ ပီကင်း တက္ကသိုလ်ပါမောက္ခက ပြောခဲ့တာဖြစ်တယ်။

ဝိုင်းဝန်းဆွေးနွေးကြရာမှာ တရုတ်က ကုန်သွယ်ရေးစစ်ပွဲမှာနိုင် မှာလားလို့မေးတော့ မရှုံးပါဘူးလို့ဖြေသလို ဘယ်သူမှ အကျိုးမရှိမှန်း မကြာမီ သဘောပေါက်လာနိုင်တယ်။ ရေရှည်တိုက်မယ်မထင်ဘူးလို့ အကောင်းဘက်က ရှုမြင်သုံးသပ်သွားတာကိုလည်း တွေ့ရတယ်။


ခင်မောင်ညို (ဘောဂဗေဒ)

No comments:

Post a Comment