Popular Posts

Wednesday, 30 January 2013

ပန်းခင်းလမ်းနှင့် ခယောင်းလမ်း များကို ဖြတ်ရဦးမည့် တရုတ်-အမေရိကန် ဆက်ဆံရေး

ယခုဆောင်းပါးမှာ ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံဖြစ်သော အမေရိကန်နှင့် တရုတ်တို့၏ ဆက်ဆံရေးတွင် ကြုံတွေ့လာနိုင်ဖွယ် ရှိသော အန္တရာယ်များ၊ ပူးပေါင်း ဆောင်ရွက်နိုင်မည့် နယ်ပယ်များ အကြောင်းကို တရုတ်လူမှုရေးသိပ္ပံ အကယ်ဒမီမှ ပညာရှင်ဖြစ်သူ Huang Ping ၏ အမြင်များကို ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။
မဝေးတော့တဲ့ အနာဂတ်ကာလ မှာ တရုတ်-အမေရိကန် ဆက်ဆံရေး ဘယ်လိုဖြစ်လာမယ် ထင်ပါသလဲ။
တင်အေးကျော် 

 အနာဂတ် တရုတ်-အမေရိကန် ဆက်ဆံရေးနဲ့ ပတ်သက်လို့ ပြောရရင် တရုတ်ရော၊ အမေရိကန် အနေနဲ့ရော ပိုပြီး လက်တွေ့ကျဖို့ လိုသလို ပိုပြီး ကြောင်းကျိုးကျကျ စဉ်းစားနိုင်ဖို့လည်း လိုပါတယ်။ နောက်ပြီး နှစ်နိုင်ငံစလုံး အနေနဲ့ စီးပွားရေး တိုးတက်ဖို့၊ ဖွံ့ဖြိုးမှုကို မြှင့်တင်နိုင်ဖို့၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးတို့ ရရှိဖို့အတွက် အမှန် တကယ်ကြုံတွေ့ နေရတဲ့ စိန်ခေါ်ချက်တွေ၊ ပြဿနာတွေ၊ အခွင့်အလမ်း တွေကို အကဲဖြတ်ဖို့လည်း လိုပါတယ်။

ဒီကိစ္စက ခက်တော့ခက်ခဲတဲ့ ကိစ္စပါ။ ဒါပေမဲ့ တရုတ်-အမေရိကန် နှစ်နိုင်ငံ အနာဂတ် ဆက်ဆံရေးနဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့အကောင်းမြင် သဘောထား ရှိပါတယ်။ နှစ်နိုင်ငံစလုံး အနေနဲ့ လက်တွေ့ ကျတဲ့ မူဝါဒတွေ ရေးဆွဲနိုင်ဖို့၊ ပြီးတော့ ဒီမူဝါဒတွေ အောက်ခြေအဆင့်ထိ ပျံ့နှံ့ ရောက်ရှိသွားဖို့ ဆိုတာကတော့ အချိန် ယူရလိမ့်မယ် ထင်တယ်။

ဒီနေရာမှာ ပြောစရာရှိတာက တရုတ်-အမေရိကန် ဆက်ဆံရေးဆိုင်ရာ ပညာရှင် အတော်များများ ပြောနေကြတဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ဘယ်သူပဲ နိုင်နိုင် အမေရိကန် အနေနဲ့ တရုတ်နဲ့ ပုံမှန်ဆက်ဆံရေး ပြန်ဖြစ်အောင် လုပ်မှာပဲ ဆိုတဲ့ အယူအဆကို ကျွန်တော်သဘော မတူပါဘူး။ အမေရိကန် သမ္မတလောင်း မစ်ရွန်းနီ ပြောဖူးတာက သူသမ္မတ ဖြစ်ဖြစ်ချင်း တရုတ်ကို ငွေကြေးလဲလှယ် နှုန်း ဈေးကစားသူလို့ ခေါ်ဝေါ်သုံးနှုန်း သွားမယ်လို့ ပြောဖူးပါတယ်။ တကယ်လို့ အိုဘားမားသာ ပြန်အရွေးမခံရဘူး ဆိုရင် တရုတ်-အမေရိကန် ဆက်ဆံရေး ဟာ အရင်လို ရှေ့ဆက်နိုင်မယ်လို့ စိတ်ချလက်ချ မပြောနိုင်ပါဘူး။ ပြောရ မယ်ဆိုရင် တရုတ်-အမေရိကန် ဆက်ဆံရေးဟာ အခုအခါမှာ အလွန် ရှုပ်ထွေးလာပြီ ဖြစ်တဲ့အတွက် အရင်က နားလည်ထားတဲ့ ပုံမှန် အခြေအနေဆို တာမျိုး မရှိနိုင်တော့ပါဘူး။

တရုတ်ခေါင်းဆောင်သစ်နဲ့ အိုဘားမား အစိုးရတို့ အနေနဲ့ ဘယ်နယ် ပယ်တွေမှာ အတူတူတွဲ အလုပ်လုပ်နိုင်မယ့် အခွင့်အလမ်းတွေ ရှိသလဲ။

တရုတ်ရော အမေရိကန်ရော ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်ချက်က စီးပွားရေးပါ။ ဒီစီးပွားရေး နယ်ပယ်မှာပဲ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံပူးပေါင်း လုပ်ဆောင်နိုင်တဲ့ နယ်ပယ်ပါပဲ။ အခု အချိန်မှာ ဒီနှစ်နိုင်ငံစလုံးမှာ စီးပွားရေး အခက်အခဲတွေ တွေ့နေပါတယ်။ ဒီအခက် အခဲတွေကို တစ်နိုင်ငံတည်းနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး။ ဒီမှာ မေးစရာ ရှိလာတာက တရုတ်နဲ့ အမေရိကန်တို့အနေနဲ့ စီးပွားရေး တိုးတက်မှုနဲ့ အလုပ်အကိုင် ရရှိမှုကို ဆက်လက်ထိန်းထားဖို့ သူတို့ရဲ့ စီးပွားရေး အဆောက်အဦကို ဘယ်လိုပြန်လည် တည်ဆောက်မလဲ ဆိုတာပါပဲ။

ဒီနေရာမှာ သူ့နိုင်ငံ ကိုယ့်နိုင်ငံ ဆိုတဲ့ အမျိုးသားနိုင်ငံ (Nation-State) ပုံစံနဲ့ အဓိကထား စဉ်းစားလို့ မရတော့ဘူး။ စီးပွားရေးဆိုတာ အားလုံးဆက်စပ် ပေါင်းစည်းနေတယ်လို့ စဉ်းစားရလိမ့်မယ်။ ကမ္ဘာ့စီးပွားရေး ပုံစံဟာ အကူးအပြောင်း အခြေအနေကို ရောက်နေပါပြီ။ ဒီတော့ အမေရိကန် အနေနဲ့ တရုတ်ကို “အမေရိကန် ရဲ့အလုပ်အကိုင်တွေကို လုယူနေသူ” “ငွေကြေး လဲလှယ်မှုကို ထိန်းချုပ်နေသူ” ဆိုပြီး အပြစ် တင်မနေသင့်ပါဘူး။ ဒီစီးပွားရေး ပြဿနာ တွေက စောစောက ပြောတာမျိုးထက် ပိုပြီး နက်နဲပါတယ်။ ဒီတော့ နှစ်နိုင်ငံစလုံး အနေနဲ့ စီးပွားရေး အဆောက်အဦနဲ့ ဆိုင် တဲ့ကိစ္စ၊ လုပ်သားအင်အားတို့ နှစ်နိုင်ငံ စလုံးရဲ့ စည်းမျဉ်း စည်းကမ်းတို့ ဆိုတဲ့ စီးပွားရေး အရင်းအမြစ်တွေကို အဓိက အာရုံစိုက် ဖြေရှင်းသင့်ပါတယ်။ နောက်ပြီး ကမ္ဘာ့စီးပွားရေး ပုံစံ အကူးအပြောင်းမှာ ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းလို ဟာမျိုးမှာ နှစ်နိုင်ငံစလုံး ပူးပေါင်း လုပ်ဆောင်သင့်ပါတယ်။

နောက်ပြီးတော့ ဝါရှင်တန် အစိုးရ ရော၊ ဘေဂျင်းအစိုးရ အနေနဲ့ရော ငြိမ်းချမ်းရေး၊ ဒေသတွင်း တည်ငြိမ်ရေး၊ ကမ္ဘာ့အစီအစဉ်လိုမျိုး ကိစ္စတွေမှာ နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်နိုင်ပါ တယ်။ ဒီကိစ္စတွေဟာ နှစ်နိုင်ငံစလုံး အတွက် သူမနာ ကိုယ်မနာ အခြေအနေ မျိုး ဖြစ်စေမှာပါ။ တကယ်တော့ နောက် လာမယ့် လေးနှစ်အတွင်း ကြုံတွေ့လာ နိုင်တဲ့ ဒေသတွင်းပြဿနာ၊ ကမ္ဘာလုံး ဆိုင်ရာ ပြဿနာ၊ အစဉ်အလာ မဟုတ်တဲ့ ခြိမ်းခြောက်မှု တွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်မယ့် နည်းလမ်းတွေ ကို ရှာဖွေသင့်ပါတယ်။ ဒေသတွင်း လုံခြုံရေး နဲ့ ပတ်သက်လာရင် မြောက်ကိုရီးယားတို့၊ ပါကစ္စတန်တို့၊ အာဖဂန်နစ္စတန် တို့ပါသလို အရှေ့အလယ်ပိုင်း လုံခြုံရေး ကိစ္စတွေ ဟာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် နိုင်ဖို့ အလားအလာရှိတဲ့ ကိစ္စတွေပါပဲ။

နောက်ပြီးတော့ ရာသီဥတု ပြောင်းလဲ လာမှုနဲ့ ပတ်သက်တဲ့ ကိစ္စမှာလည်း နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင် နိုင်ပါတယ်။ ဒီပြဿနာ ဟာဆိုရင် နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည် တစ်ခု၊ လူမျိုးတစ်မျိုး၊ အစိုးရတစ်ရပ် တည်းရဲ့စိန်ခေါ်ချက် မဟုတ်ပါဘူး။ ရာသီဥတု ပြောင်းလဲမှုရဲ့ဒဏ်ကို လူတိုင်း ခံစား နေရတာပါ။ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်း ဖို့ဟာက အမျိုးသားရေး မူဝါဒတို့၊ နိုင်ငံတကာ ဆက်ဆံရေးတို့ နဲ့တင် မလုံလောက်ပါဘူး။

ဘယ်နယ်ပယ်တွေ ဟာဖြင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရာမှာ အခက်အခဲ ဖြစ်စေမယ် ထင်ပါသလဲ။

သမိုင်းနဲ့ချီပြီး နှစ်နိုင်ငံ ရင်ဆိုင် နေရတဲ့ ပြဿနာ နယ်ပယ်ကတော့ လူ့ အခွင့်အရေး ကိစ္စနဲ့ စစ်ရေး တည်ဆောက် မှုကိစ္စပါ။ ဒီပြဿနာတွေဟာ ဒုတိယ ကမ္ဘာစစ်နဲ့ စစ်အေးကာလရဲ့ အကျိုးဆက် တွေပါ။ နောက်ပြီး မဖြေရှင်းရသေးတဲ့ ကိုရီးယား ကျွန်းဆွယ် ပြဿနာ၊ တရုတ် ပြည်မကြီးနဲ့ ထိုင်ဝမ်ပြဿနာ၊ တရုတ်နဲ့ ဂျပန် ပြဿနာ တွေလည်း ပါပါတယ်။

ဒီပြဿနာ တွေဟာ မကြာသေးတဲ့ ကာလတွေမှာ အခြေအနေ ပိုဆိုး လာပါတယ်။ ၉/၁၁ ကိစ္စဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ အမေရိကန်ရဲ့ အာရုံဟာ အာရှထက် အီရတ်နဲ့ အရှေ့အလယ်ပိုင်း ကို ရောက်သွား ပါတယ်။ အခုနောက် ပိုင်းမှာ အမေရိကန်ဟာ အာရှဒေသကို ပြန်ပြီး အာရုံ စိုက်လာတဲ့ အခါမှာ အစဉ် အလာအရ ဆက်ဆံခဲ့တဲ့ ထိုင်းတို့၊ ဖိလစ်ပိုင်တို့၊ သြစတြေးလျတို့၊ တောင်ကိုရီးယားတို့၊ ဂျပန်တို့နဲ့ ဆက်ဆံရေး ပြန်လည် တည်ဆောက် ခဲ့ သလို၊ အိန္ဒိယတို့၊ မွန်ဂိုလီးယားတို့နဲ့ လည်း ဆက်ဆံရေး အသစ် တည်ဆောက် လာပါတယ်။ ဒီမှာတင် တရုတ်အနေနဲ့ လုံခြုံမှု မရှိသလို ခံစားလာရတာပါ။

အဲဒီကိစ္စတွေ ကတော့ တရုတ် အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရာမှာ ကြုံတွေ့ရမယ့် အစဉ်အလာ လုံခြုံရေး ဆိုင်ရာ ပြဿနာတွေပါ။ နောက်ပြီး အမေရိကန် အနေနဲ့က ထိုင်ဝမ်တို့၊ ဂျပန်တို့၊ ဖိလစ်ပိုင်တို့ အပါအဝင် အာရှ ပစိဖိတ်ဒေသ မှာရှိတဲ့ နိုင်ငံတွေနဲ့ စစ်ရေး သို့မဟုတ် မဟာဗျူဟာ စာချုပ်တွေ ကနေတစ်ဆင့် ဆက်ဆံရေး နှောင်ဖွဲ့မှုတွေ လုပ်နေပါ တယ်။ ဒီကိစ္စတွေကတော့ တရုတ်နဲ့ အမေရိကန် အကြားမှာ ယုံကြည်မှု အနည်းဆုံး အခြေအနေကို ဖြစ်စေမယ့် နယ်ပယ် တွေပဲဖြစ်ပါတယ်။

ဒါပေမဲ့ ကမ္ဘာကြီးဟာ ဒေသတွင်း ပြဿနာအသစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြဿနာ အသစ်တွေ ကြုံတွေ့နေရတဲ့ ခေတ်သစ် တစ်ခုကို ဝင်ရောက် နေပါပြီ။ အဲဒီခေတ်သစ် ကမ္ဘာကြီးထဲမှာ အစဉ် အလာပုံစံမျိုး မဟုတ်တဲ့ လုံခြုံရေး ဆိုင်ရာ ပြဿနာတွေလည်း ရှိလာပါတယ်။ ဒီနယ်ပယ် ဟာလည်း နှစ်နိုင်ငံအကြား တိုးမိ တိုက်မိနိုင်တဲ့ နယ်ပယ်တွေပါပဲ။ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ကမ္ဘာကြီး မှာ အေဂျင်စီ အသစ်တွေ နိုင်ငံမဟုတ် သော သရုပ်ဆောင်သစ်တွေ (အယ်လ်ကေဒါ အကြမ်းဖက် အဖွဲ့အစည်း) စသည် ပေါ်ထွက်လာသလို စီးပွားရေး ဟာလည်း ကမ္ဘာ့စီးပွားရေး အကူးအပြောင်း ဖြစ်စဉ် တွေကို ဖြစ်လာစေပါတယ်။

ဒီတော့ တရုတ်နဲ့အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံများ အနေနဲ့ သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးပြဿနာ တွေ၊ မီဒီယာ၊ နည်းပညာ၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ မျက်နှာစာ ပေါင်းစုံကနေ ထွက်ပေါ် လာနေတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အတွက် ပူးပေါင်းလုပ်ဆောင် ဖို့ လိုအပ်ပါတယ်။

ဒီ လုံခြုံရေး ပြဿနာတွေကို ရည်ရွယ် ဖြေရှင်းနိုင်ဖို့ တရုတ်နဲ့ အမေရိကန်တို့ ဘာတွေ လုပ်နိုင်မယ် ထင်ပါသလဲ။

တရုတ်နဲ့ အမေရိကန်ကြားမှာ ဖြစ်နေတဲ့ အဓိက အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ဆိုရင် တရုတ်ခေါင်းဆောင် ဟောင်း တိန့်ရှောင်ဖိန်ရဲ့အဆိုပြုချက် ဟာ လက်တွေ့ကျဆဲပါပဲ။ သူပြောတာ က "ထိုင်ဝမ်လို အရှေ့တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှု ကိစ္စမျိုးတွေဟာ သူ့ထက်ပိုကြီးတဲ့ အရေးကိစ္စတွေ အတွက် ဘေးဖယ် ထားသင့်ပါတယ်" လို့ ဆိုတာမျိုးပါ။

နောက်ပြီးတော့ ၁၉၇၂ ခုနှစ်က တရုတ်နိုင်ငံကို အလည်အပတ်သွား ရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင်က တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းနဲ့ တွေ့တုန်း ထိုင်ဝမ်ကိစ္စ ဆွေးနွေးတဲ့ အခါ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းက "ထိုင်ဝမ်က သေးသေး လေးပါဗျာ။ ကမ္ဘာကြီးက အကြီးကြီး" ဟု ပြန်လည် ပြောကြားခဲ့တာတွေက လက်တွေ့ ကျတယ်ပြောရမယ်။

တရုတ်နဲ့ အမေရိကန်ကြားမှာ ရှိနေတဲ့ အစဉ်အလာ လုံခြုံရေးပြဿနာ ဟာ အခုမှပေါ်လာတဲ့ ပြဿနာအသစ် မဟုတ်သလို ချက်ချင်း လက်ငင်းကြီး ဖြေရှင်းလို့လည်း မရနိုင်ပါဘူး။ ဒါ့အပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုတို့၊ သံတမန်ရေး အငြင်းပွားမှုတို့၊ တခြားအဓိကကျတဲ့ စိန်ခေါ်မှုတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီပြဿနာ တွေဟာ အဲဒီလောက်လည်း အရေးမကြီးသလို၊ အဲဒီလောက်လည်း အဆောတလျင် ဖြေရှင်း ရမယ့်ပြဿနာတွေ မဟုတ်ပါဘူး။

ဒါကြောင့်မို့ တရုတ်၊ အမေရိကန် နဲ့ ဂျပန်တို့ အနေနဲ့က အစဉ်အလာ ပိုင်နက် အငြင်းပွားမှုတွေကို ဘေးဖယ် ထားသင့်ပါတယ်။ ဥပမာအနေနဲ့ တရုတ်နဲ့ ဂျပန် အငြင်းပွားနေတဲ့ ဒိုင်အိုယု သို့မဟုတ် ဆန်ကကူကျွန်း ကိစ္စလိုဟာမျိုး၊ တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှုလို ဟာမျိုးပေါ့။ ဒါမျိုးတွေကို ခဏဘေးဖယ်ထားပြီး လတ်တလော အရေးတကြီး ဖြေရှင်းရ မယ့် သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေး ပြဿနာတွေကိုပဲ ပူးပေါင်း ဖြေရှင်းသင့် ပါတယ်။ ဒီလို ဖြေရှင်းခြင်း အားဖြင့် တရုတ်ရော၊ အမေရိကန်ရော တခြား နိုင်ငံတွေ အတွက်ပါ အကျိုးကျေးဇူး ရှိစေမှာပါ။ အထူးသဖြင့်တော့ တရုတ်ရော၊ အမေရိကန်ရောဟာ စစ်အေးကာလ အမြင်မျိုးနဲ့ လုပ်ဆောင် နေတာတွေ၊ နိုင်ငံတချို့နဲ့ အထူးမဟာမိတ် ဖွဲ့နေတာမျိုးတွေကို ရပ်တန်းက ရပ်သင့်ပါတယ်။ အဲဒီလိုလုပ်နေမယ့် အစား နှစ်နိုင်ငံစလုံး အနေနဲ့ ဒေသတွင်း လုံခြုံရေးလို ကိစ္စမျိုးတွေမှာ ပူးပေါင်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

အဲဒီလို ပိုင်နက် အငြင်းပွားမှုလို သမားရိုးကျ လုံခြုံရေး ပြဿနာတွေက နောက်ဆုံး မှာတော့ ဖြေရှင်းဖို့ နည်းလမ်း ရှာတွေ့လာမှာပါ။ စိတ်ရှည်ဖို့တော့ လိုတာပေါ့။ နောက်တက်လာမယ့် မျိုးဆက်တွေ ကလည်း ပိုတော်ကြမှာပဲ လေ။ တရုတ်-အမေရိကန် ဆက်ဆံရေး ဟာ ကမ္ဘာမှာ အရေးပါဆုံးသော နှစ်နိုင်ငံ ဆက်ဆံရေး ဖြစ်မယ်ဆိုရင် တရုတ်နဲ့ အမေရိကန် ခေါင်းဆောင်တွေ အကြား မှာရှိတဲ့ ယုံကြည်မှုဟာ အလွန် အရေးကြီးတာပေါ့။ တကယ်လို့ အမေရိကန်က တရုတ်ကို ကြိုတင် အသိမပေးဘဲ ထိုင်ဝမ် ကို လက်နက်တွေ ဆက်ရောင်းနေရင်၊ တိဘက်ခေါင်းဆောင် ဒလိုင်းလားမားနဲ့ တွေ့နေမယ် ဆိုရင်၊ ဒါမှမဟုတ် အမေရိကန် အနေနဲ့ သူ့ရဲ့စစ်အေးခေတ်က မဟာမိတ် တွေနဲ့ပဲ အစေးကပ်နေမယ် ဆိုရင်တော့ တရုတ်အနေနဲ့က အဲဒီအခြေအနေကို အဆိုး စာရင်းထဲ ထည့်မှာပဲ။ ဒီတော့ နှစ်နိုင်ငံ ခေါင်းဆောင်သစ်တွေ အနေနဲ့ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု လွဲမယ့် ကိစ္စမျိုး အဓိက ဦးတည် ဖြေရှင်းသင့်တယ်။

ဒီရေးရာ နယ်ပယ်တွေမှာလည်း တိုးတက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ - ထိုင်ဝမ် ကိစ္စဟာ တရုတ်နဲ့ အမေရိကန်ကြားမှာ အရင်က လုံးဝ အထိမခံတဲ့ ကိစ္စမျိုးပါ။ ဒါပေမဲ့ တဖြည်း ဖြည်းနဲ့ ဒီကိစ္စအပေါ် သဘောထားတင်းမာ တာမျိုးတွေ နည်းလာတာ တွေ့ရပါတယ်။ ဒီလိုပဲတရုတ်နဲ့ ဂျပန်ကြားမှာ အငြင်းပွား နေတဲ့ ဒိုင်အိုယု သို့မဟုတ် ဆန်ကကူ ကျွန်းစုအရေး ဆိုရင်လည်း တဖြည်းဖြည်း တင်းမာမှုတွေ လျော့လာ နိုင်ပါတယ်။ ဒီပြဿနာက ပြည်သူတွေနဲ့ မီဒီယာ တွေမှာ အထိမခံတဲ့ ကိစ္စဖြစ်နေပေမယ့် နှစ်နိုင်ငံစလုံး အနေနဲ့က စီးပွားရေးပြန်လည် ကောင်းမွန်ဖို့ ကိုသာ ဦးစားပေးကြမှာပါ။

တရုတ် ခေါင်းဆောင်သစ် ရှီကျင်းပင်း နဲ့ အမေရိကန်သမ္မတ အိုဘာမားရဲ့ ဒုတိယ မြောက် သမ္မတသက်တမ်းမှာ နှစ်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒအ ပြောင်းအလဲက ဘာဖြစ်လာနိုင်မယ် ထင်သလဲဗျ။

ကျွန်တော့် အထင်တော့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ဒုတိယ သက်တမ်းက သူ့ရဲ့ပထမ သက်တမ်းထက် ပိုပြီး လွယ်ကူမယ်လို့ ထင်ပါတယ်။ ၂ဝဝ၉ ခုနှစ်တုန်းကတော့ သူက သမ္မတသစ်လည်း ဖြစ်တယ်၊ ပြီးတော့ ဒီလို အဆင့်မြင့်တဲ့ ရာထူးမျိုး၊ သူအရင်က တာဝန်မယူဖူး သေးဘူးလေ။ နောက်ပြီး သူအိမ်ဖြူတော် ကို ရောက်တော့ ဘဏ္ဍာရေး အကျပ်အတည်း ပြဿနာကိုပဲ အရေးတယူ ဖြေရှင်းခဲ့ရ တာလေ။ အခုအချိန်ကတော့ သူ့ရဲ့ဒုတိယ သမ္မတ သက်တမ်းလည်း ဖြစ်တယ်၊ လေးနှစ် လောက်လည်း သမ္မတ အတွေ့အကြုံရှိ ထားပြီးပြီ ဆိုတော့ ပြဿနာတွေ၊ရေးရာ ကိစ္စတွေကို တခြား ကမ္ဘာ့ခေါင်းဆောင် တွေလိုပဲ သိတဲ့သူတစ်ယောက် ဖြစ်လာ ပြီလေ။ သူ့ရဲ့အစီအစဉ် တွေဟာ အရင် ကထက် ပိုပြီး လက်တွေ့ကျမယ်၊ ပိုပြီး ကြောင်းကျိုး ဆီလျော်မှု ရှိပါလိမ့်မယ်။

ဒီတော့ တရုတ်တို့ အာရှတို့နဲ့ ပတ်သက်တဲ့ အိုဘားမားရဲ့ နိုင်ငံခြားရေး မူဝါဒဟာ သိပ်ပြီး အဆက်အစပ်မဲ့တာ မျိုးတွေ မဖြစ်လောက်ပါဘူး။ အခု အချိန်ကာလဟာ တရုတ်နဲ့ အမေရိကန် အကြားမှာ စစ်အေးတိုက်ပွဲ အသစ်လည်း မဟုတ်ပါဘူး။ ဖြစ်ဖို့လည်း မလိုပါဘူး။ လိုအပ်နေတာက ချိန်ညှိမှု ပြုလုပ်ဖို့ လိုတာပါ။ အိုဘားမား အနေနဲ့ ကြီးသည် ငယ်သည်မရွေး အာရှနိုင်ငံတွေနဲ့ အဆက်အသွယ် လုပ်ဖို့ လိုအပ်ပါတယ်။

အိုဘားမားချိန်ညှိဖို့ လိုတဲ့ကိစ္စက အမေရိကန်ရဲ့“အာရှမဏ္ဍိုင်” ဆိုတဲ့ကိစ္စ ကို အဓိပ္ပာယ် ဖွင့်ဆိုတာပါ။ အမေရိကန် က အာရှမဏ္ဍိုင် ဆိုပြီး ကြေညာလိုက်တဲ့ အခါမှာ အာရှနိုင်ငံဆီကို မှားယွင်းတဲ့ အချက်ပြ သင်္ကေတ ပြလိုက်သလို ဖြစ်သွား ပါတယ်။ အာရှနိုင်ငံတွေ အနေနဲ့ အမေရိကန် ဘက်က နေရမှာလား၊ တရုတ်ဘက်က နေရမှာလားဆိုတဲ့ အကျပ်အတည်းမျိုးကို ကြုံတွေ့ခဲ့ရပါ တယ်။ အမေရိကန်သမ္မတ အိုဘားမား အနေနဲ့ သူ့ရဲ့သမ္မတ ဒုတိယသက်တမ်း လေးနှစ် အတွင်းမှာ ဒီကိစ္စအပေါ် ကိုင်တွယ် ဖြေရှင်းသင့်ပါတယ်။

တရုတ် ခေါင်းဆောင်သစ် အနေနဲ့ လည်း သူ့ရဲ့အာရှဒေသမှာရှိတဲ့ ဂျပန် လို၊ ရုရှားလို၊ အိန္ဒိယလို အိမ်နီးချင်း နိုင်ငံမျိုးတွေ အပေါ်မှာ အာရုံစိုက်ပါ လိမ့်မယ်။ ကျွန်တော် ခံစားမိတာက တော့ တရုတ်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို အရေးကြီးမှန်းသဘော ပေါက်ပေမယ့် သူ့ရဲ့အိမ်နီးချင်းနိုင်ငံ တွေနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းသိမ်းဖို့ကိစ္စမှာ သိပ်လုပ်တာ မတွေ့ရဘူး။ တရုတ်နိုင်ငံခြားရေး မူဝါဒ ဟာ အာရှဒေသတွင်းမှာ ပိုပြီးဟန်ချက် ညီတဲ့၊ ပိုပြီး ပူးပေါင်းမှုရှိတဲ့၊ ပိုပြီး ကျယ်ပြန့်တဲ့ မူဝါဒမျိုး ဖြစ်သင့်ပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စမှာ ဘယ်အရာတွေ က အတားအဆီး ဖြစ်နေတာပါလဲ။

တရုတ်မှာ အမေရိကန် ရင်းနှီးမြှုပ်နှံ မှုတွေ တိုးပြီး မလုပ်တော့တာရဲ့အကြောင်း အရင်း တစ်ချက်က အမေရိကန် အနေနဲ့ ပြည်တွင်းကို ပိုပြီး အာရုံကျလာတာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမျိုး အထိ ဖြစ်လာတဲ့ တိမ်းညွတ်ချက်တွေ ကြောင့်ပါ။ အမေရိကန် အနေနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာ ပူးပေါင်းမှုကိစ္စ ဒီနှစ်ခုစလုံး မှာ ပိုပြီး လမ်းဖွင့်ထားတာမျိုး လုပ်ဖို့ လိုပါတယ်။ ဒီလို ဖွင့်ပေးခြင်း အားဖြင့် အမေရိကန် စီးပွားရေးနဲ့ အမေရိကန်မှာ အလုပ်အကိုင် ရရှိမှုကိုရော ထောက်ကူ ပေးနိုင်ပါလိမ့်မယ်။ နောက်ပြီး တရုတ် နဲ့ နည်းပညာပူးပေါင်းမှုက နှစ်နိုင်ငံလုံး ရဲ့ကုန်သွယ်ရေး ညီမျှမှုကို အားပေး ပါလိမ့်မယ်။

ဒီနေရာမှာ ထပ်ဖြည့်ပြောရရင် တော့ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ တရုတ်မှာ ဘယ်လို စီးပွားရေး လုပ်ရမယ် ဆိုတာ လေ့လာနေဆဲ အဆင့်မှာပဲ ရှိပါ သေးတယ်။ တရုတ်မှာ ရင်းနှီးမြှုပ်နှံ ထားကြတဲ့ အမေရိကန် ကုမ္ပဏီတွေ၊ ဂျပန် ကုမ္ပဏီတွေ၊ ဂျာမနီကုမ္ပဏီတွေ အနေနဲ့ တချို့အောင်မြင်ကြသလို၊ တချို့ အောင်မြင်မှု မရကြပါဘူး။

ဒီလို အခက်အခဲကြုံရတဲ့ အကြောင်းကတော့ တစ်ခါတစ်ရံမှာ နည်းပညာပိုင်း ကြောင့်ပါ။ ဒါတင် မကသေးဘူး။ တရုတ်ဈေးကွက်၊ တရုတ်ယဉ်ကျေးမှု၊ တရုတ်လူမျိုးတွေ ရဲ့အကြိုက်တွေ မတူကြတာကလည်း အကြောင်းရင်း တစ်ရပ်ပါ။ တရုတ်မှာ စီးပွားရေး ဘယ်လိုလုပ်မလဲ ဆိုတဲ့ ကိစ္စ ဟာ နိုင်ငံခြား ကုမ္ပဏီတွေ ရင်ဆိုင်နေရ တဲ့ပြဿနာ တစ်ခုပါ။

ဒီလိုပါပဲ တရုတ် ကုမ္ပဏီတွေ အနေနဲ့လည်း အမေရိကန်မှာ ရင်းနှီး မြှုပ်နှံရာမှာ အခက် တွေ့နေကြပါတယ်။ အကြောင်းကတော့ တရုတ် ကုမ္ပဏီတွေ အနေနဲ့ ကမ္ဘာ့ ဈေးကွက်မှာ ဝင်ရောက် လှုပ်ရှားနိုင်ဖို့ ရာမှာ အတွေ့အကြုံနည်း ပါးသေးတာ ကြောင့်ပါ။ ဒီတော့ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်မှာ အသားကျ ဖို့ရာ အတွက်က တရုတ်ကုမ္ပဏီတွေ အနေနဲ့ အချိန်ပို လိုအပ်ပါတယ်။ ဒီလို အချိန်ရဖို့ အတွက် အမေရိကန် အစိုးရအနေနဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှု တွေကို ငြင်းပယ် တာမျိုး မလုပ်သင့်ပါဘူး။

ဒီတော့ တရုတ်ရော အမေရိကန်ပါ ချိန်ညှိမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ လက်ရှိ အချိန်မှာတော့ တရုတ်မှာ ရင်းနှီးမြှုပ်နှံမယ့် အမေရိကန် ကုမ္ပဏီတွေ အတွက်ရော၊ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမယ့် တရုတ် ကုမ္ပဏီတွေ အတွက်ရော ကိုင်တွယ်ဖြေရှင်း နိုင်မယ့် မူဘောင် မရှိသေးပါဘူး။ နှစ်နိုင်ငံ စလုံးမှာက အဲဒီရင်းနှီးမြှုပ်နှံမှုတွေ အတွက် ပြဿနာ တစ်ခုချင်း စီကိုသာ သီးခြား ကိုင်တွယ် နေကြတာပါ။ ဒီလိုဖြစ်နေတာက ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံ အတွက် ကောင်းတယ်လို့ မပြောနိုင် ပါဘူး။

Ref: Promise and Pitfalls of the U.S.-China Relationship
Ref:thevoicemyanmar

No comments:

Post a Comment