Popular Posts

Tuesday 31 January 2012

ရန်ကုန်မြို့တွင်း လမ်းဘေးအစားအသောက်များတွင် လူအန္တရာယ်ပြု ရောဂါပိုးများ တွေ့ရှိ

Posted by in ကျန်းမာရေး သတင်း
 
ရန်ကုန်၊ ဇန်နဝါရီ ၂၁
ရန်ကုန်မြို့ပေါ်ရှိနေရာအချို့မှ လမ်းဘေးအစားအသောက်များတွင် လူကိုအန္တရာယ်ဖြစ်စေသည့် ရောဂါပိုးများ စစ်ဆေးတွေ့ရှိနေရကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဦးစီးဌာန(FDA)၏ စမ်းသပ်ချက်များကို ကိုးကား၍ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
၂ဝ၁၁ နှစ်ကုန်ပိုင်းက စတင်၍ ရန်ကုန်မြို့ မြို့လယ်ဧရိယာ ဖြစ်သည့် လသာနှင့် လမ်းမတော် မြို့နယ်များ ပါဝင်သည့် တရုတ်တန်းဧရိယာမှ လမ်းဘေး အစားအသောက် အချို့ကို အဓိကထား စစ်ဆေးခဲ့ရာမှ ယင်းကဲ့သို့ ရောဂါပိုးများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ ရှိခဲ့ရခြင်း ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
မည်သည့် ရောဂါပိုးများ ပါဝင်နေသည်ကို အတိအကျ ပြောဆိုနိုင်ခြင်း မရှိရသည့် အကြောင်းအရင်းမှာ ကာယကံရှင် ဈေးရောင်းချသူများ နစ်နာမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း ၄င်းကဆိုသည်။
ယခုအခါ တွေ့ရှိခဲ့သော ရောဂါပိုးများကို ဓာတ်ခွဲခန်းတွင် စမ်းသပ်မွေးမြူ၍ လူကိုမည်ကဲ့သို့ အန္တရာယ်ပြုနိုင်ကြောင်းကို ဖော်ထုတ် သွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
ထိုကဲ့သို့ ရောဂါပိုးများ တွေ့ရှိခဲ့သည့် နောက်ဆက်တွဲ အခြေအနေများကြောင့် အထက်ပါဧရိယာများရှိ ဈေးရောင်းချ သူများကို သန့်ရှင်းရေးပိုင်းနှင့် ကျန်းမာရေးပိုင်း ဆိုင် ရာ အသိပညာပေးမှုများကို ခေါ်ယူပြုလုပ်ခဲ့ပြီး တက်ရောက်လေ့လာ ကြသော ဈေးရောင်းချသူများကို တစ်နာရီလျှင် ငွေကျပ် ၅ဝဝ စရိတ်ပေး၍ ဆွဲဆောင် ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်း အသိပညာပေးမှုများအပြီးတွင် ဈေးရောင်းချသူအချို့မှာ ညွှန်ကြားချက်များကို လိုက်နာကြသော်လည်း အများစုမှာခဏတာသာ လိုက်နာကြသေးကြောင်း၊ အခြားဒေသများနှင့် မြို့နယ်များတွင်လည်း ယခုကဲ့သို့ စမ်းသပ်စစ်ဆေးမှုများ၊ အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားသင့်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
ယခု ပိုးတွေ့ရှိရသော အစားအသောက်များမှာ ဝက်သားတုတ်ထိုးကဲ့သို့သော အသားတုတ်ထိုးများ၊ လက်သုပ်စာများ၊ အကင်များနှင့် အချို့သော ဖုံးအုပ်မထားသည့် အသင့်စား အစားအစာများဖြစ်ပြီး အချို့သော အစားအသောက်များတွင် အီကိုလိုင် ကဲ့သို့သော ရောဂါပိုးများကိုပင် တွေ့ရှိနေရကြောင်း FDAမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အချို့သော ရောဂါပိုးများကို အစားအသောက်များတွင် တွေ့ရှိခဲ့ကြသော်လည်း ရောဂါပိုးအရေအတွက် ပမာဏကို လိုက်၍ လူကို အန္တရာယ်ဖြစ်စေတတ်ကြောင်း ဝါရင့် အထွေထွေရောဂါကု ဆရာဝန်ကြီးက သုံးသပ်ပြောကြားသည်။
နိုင်လင်း
Ref:popularmyanmar

No comments:

Post a Comment