
ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင် အခြေခံစားသောက်ကုန် တစ်မျိုး ဖြစ်သည့် ကုန်စိမ်းခေါ် ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းသည် အောက်တိုဘာလ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်၍ ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး အချို့ ဟင်းသီးဟင်းရွက်များ ဆိုလျှင် ဈေးနှစ်ဆမှ သုံးဆခန့် အထိပင် မြင့်တက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ထိုသို့ ဖြစ်ရခြင်းမှာ ရန်ကုန်တိုင်း ဒေသကြီးသို့ ဟင်းသီးဟင်းရွက်များ အများဆုံးတင်ပို့ရာ ယာခင်းများ ရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အပါအ၀င် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် မိုးသည်းထန်ကာ ရေကြီးမှုများ ဖြစ်ပေါ် နေခဲ့ခြင်းနှင့် ကုန်တင်ယာဉ်များကို အာဆီယံ စံနှုန်းအတိုင်းသာ တင်ဆောင်ရမည် ဟူသော သတ်မှတ်ချက်များကြောင့် ရှမ်းပြည်နယ်ဘက်မှ ကုန်စိမ်းပမာဏ ၀င်ရောက်မှု သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း၊ ထို့ကြောင့် လက်လီလက်ကား ဖြန့်ချိလိုသူများ အနေဖြင့်လည်း ကုန်စိမ်းများကို လိုသလောက် ၀ယ်ယူနိုင်ခြင်း မရှိတော့၍ ကုန်စိမ်းဈေးများ ခုန်တက်သွားခဲ့ရခြင်း ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်နေ သီရီမင်္ဂလာဈေး ကုန်စိမ်းဒိုင် ပိုင်ရှင်တစ်ဦးက mmDailyNews သို့ ရှင်းပြခဲ့သည်။
ယခင်က ၅၀ ကျပ်ခန့်ရှိသော မုန်ညင်းရွက်တစ်စည်းသည် ၁၀၀ ကျပ်ခန့်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်ခန့်၊ ခရမ်းသီးတစ်လုံး ၅၀ ကျပ်မှ ၁၀၀ ကျပ်ခန့်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၄၀၀ ကျပ်မှ ၁၀၀၀ ကျပ်ခန့် အသီးသီး ဈေးတက်ခဲ့ကြောင်း၊ ဤသို့ ဟင်းသီးဟင်းရွက်ဈေးများ နှစ်ဆခန့် တက်သွားခြင်းသည် အသီးအရွက်ကို အဓိကထား စားသုံးနေရသော အခြေခံ လူတန်းစား မိသားစုများအတွက် နေ့စဉ်စားသောက် စားသောက်မှု ကုန်ကျစားရိတ် သိသိသာသာ ပိုမိုလာခဲ့ကြောင်း မရမ်းကုန်းမြို့နယ်နေ အိမ်ရှင်မတစ်ဦးက mmDailyNews သို့ မှတ်ချက်ပြု ပြောဆိုခဲ့သည်။
ပြည်တွင်း ဆန်ဈေးကွက်တွင် လက်ရှိ အရောင်းအ၀ယ် ပုံမှန်သာ ရှိနေသော်လည်း ပေါ်ဆန်းဆန်၏ ဈေးကွက်တွင်း လက်ကျန် နည်းလာပြီ ဖြစ်သောကြောင့် ပေါ်ဆန်းဆန် ဈေးစတင် တက်နေပြီဟု ဆန်ရောင်းဝယ်ရေး ဈေးကွက်မှ စုံစမ်းသိရှိရသည်။
ယခုနှစ် စပါးစိုက်ရွာသီတွင် မိုးဦးနောက်ကျခဲ့သောကြောင့် စပါးစိုက်ရက် နောက်ကျခဲ့ပြီး စပါးပေါ်ရက်လည်း နောက်ကျမည် ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ပုံမှန် စပါးပေါ်ချိန် နောက်ကျလျှင် လက်ရှိဈေးကွက်တွင် လက်ကျန် သိပ်မရှိတော့သော ပေါ်ဆန်းဆန်များ ဈေးထပ်တက်ဖွယ် ရှိကြောင်း၊ ရွှေဘိုအပါအ၀င် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများ၏ စပါးပေါ်ရက်သည်လည်း ပုံမှန်တွင်ပင် ဧရာဝတီတိုင်းဒေသကြီးထက် ၁၀ ရက်မှ ၁၅ ရက်ခန့် နောက်ကျတတ်သောကြောင့် ပြည်တွင်း ဆန်ဈေးကွက်တွင် ပေါ်ဆန်းဆန် ဈေးအတက်အနေအထားမှာ ဧရာဝတီ တိုင်းဒေသကြီး၏ စပါးပေါ်ရက် နောက်ကျလျှင် ပိုတက်ဖွယ် ရှိကြောင်း ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။ သို့ရာတွင် ပြည်ပတင်ပို့မှု မရှိသော ဆန်ကြမ်းဈေးကွက်မှာမူ တက်ရိပ် မရှိဘဲ အတန်ငယ်ပင် ကျဆင်းလျက် ရှိကြောင်း စုံစမ်းသိရှိရသည်။
Written by : ရဲဘုန်းမင်း Last Updated at 2010-10-30 on 02:07:32 483 Hits
Copy by mmdailynews
No comments:
Post a Comment