Written by နေသန်မောင်
မြန်မာ့နွေဦးကို စိန်ခေါ်မှုများဖြင့် စတင်ခြင်းသည် နောက်ပြန်လန်သွားရန် သို့တည်းမဟုတ် နောက်ပြန်လှည့်ရန် အကြောင်းတရား များကိုဖန်တီးခြင်းဟု နားလည်မှု လွဲမှားတတ်ကြသည်။ စိန်ခေါ်မှုဆိုသည်မှာ ရင်ဆိုင်ဖြေရှင်းကာ ကျော်လွှားသွားရမည့် ခက်ခဲသော လမ်း၏ စမ်းသပ်ချက်များဖြစ်သည်။ စိန်ခေါ်မှုများကို ရင်မဆိုင်လို၊ ရင်မဆိုင်ချင်ဘဲ ရောက်လိုသည့် လမ်း တကယ်ရောက်နိုင်မည် မဟုတ်ပေ။ သွားရမည့်လမ်းကို ခပ်ရေးရေး မြင်ရသည့်အချိန် လိုရာခရီး ရောက်ပြီဟု စိတ်ဒုံးဒုံး ချလိုက်သော သူများအတွက် နွေဦးသည်လှမည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် နွေဦး၏ စိန်ခေါ်မှုများကို စမ်းသပ်မှုဟု မမြင်ဘဲ ခြိမ်းခြောက်မှုဟု ယူဆလိုက်သောကြောင့် သူ့အတွက် နွေဦးသည် မည်သည့်အခါမျှ လှပဦးတော့မည် မဟုတ်။
နွေဦး၏ အလှုပ်အယမ်းများကို စိုးရိမ်မှု များသည် လူ့သဘာဝ ပင်ဖြစ်သည်။ မည်သူမျှ နောက်ကြောင်း မပြန်လိုသောကြောင့် ဖြစ်သည်။ သို့သော် မြန်မာ့နွေဦး စတင်ခဲ့သည့် လမ်းကြောင်းသည် ၂၁ ရာစု၏ စံနမူနာ ပြယုဂ်တစ်ခု ဖြစ်လာမည့် ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေး ခြေလှမ်းမှသည် ဒီမိုကရက်တိုက်ဇေးရှင်း အသက် ဝင်လာခြင်းဖြစ်သော ကြောင့် ဒီမိုကရက် တိုက်ဇေးရှင်း နှစ်ပေါင်း ၅၀ ဆိတ်သုဉ်းခဲ့ရသော ဝန်းကျင်တွင် စိုးရိမ်ပူပန်မှုများ တပုံတပင် ရှိနေကြမည်ဖြစ်သည်။
နိုင်ငံရေး သိပ္ပံပညာရှင် ဖရန့်စစ် ဖူကူယားမားက ၁၉၈၉ ခုနှစ် နွေဦးတွင် တစ်ကမ္ဘာလုံး တုန်လှုပ်သွားမည့် အက်ဆေး တစ်ခုကို National Interest မဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ သူ၏ဆောင်းပါးမှာ “သမိုင်းနိဂုံးချုပ်ပြီ” (The End of History) ဖြစ်သည်။ တစ်ကမ္ဘာလုံး အုတ်အော်သောင်းတင်း ဖြစ်သွားသည်။ အထူးသဖြင့် ပညာရှင် အသိုင်းအဝိုင်း၌ ဖြစ်သည်။ ထိုဝေါဟာရသည် ၁၉၉၀ ပြည့်လွန်နှစ် များအတွင်း မြန်မာစာဖတ် ပရိသတ်နှင့် ယဉ်ပါးလာခဲ့သည်။
လစ်ဘရယ် ဒီမိုကရေစီ သည်သာ ပြိုင်ဘက်ကင်းသော အတွေးအခေါ် ဒေါက်တိုင် ကြီးတစ်ခု ဖြစ်သဖြင့် မည်သည့် နိုင်ငံရေး အိုင်ဒီရော်လော်ဂျီမှ ယှဉ် ပြိုင် အားစမ်းနိုင်ခြင်း မရှိသောကြောင့် လူသားတို့၏ နိုင်ငံရေးအတွေး အခေါ်သည် လစ်ဘရယ် ဒီမိုကရေစီကိုသာ အဆုံးသတ်၌ ရွေးချယ် လိုက်ရတော့သည်။ လစ်ဘရယ် ဒီမိုကရေစီ အောင်ပွဲခံလိုက်သည်။ ထိုအချိန်တွင် သမိုင်းသည် နိဂုံးချုပ်ပြီဟုဆိုသည်။
၁၉၈၉ ဘာလင်တံတိုင်း ပြိုလဲမှု၊ ၁၉၉ဝ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားမှု တို့သည် လစ်ဘရယ် ဒီမိုကရေစီကို စိန်ခေါ်ခဲ့သော လက်ဝဲ အတွေးအခေါ် ဝုန်းခနဲ လဲသွားသဖြင့် ဖူကူယားမား အောင်ပွဲခံသွား သည်။ သို့သော် ဖူကူယားမား၏ အနုမာန (Hypothesis)ကို လက်မခံ သော ပညာရှင်များက သမိုင်းနိဂုံး မချုပ်သေးပါဟု တန်ပြန်အော်ပြီး အကြမ်းဖက်ဝါဒက လစ်ဘရယ် ဒီမိုကရေစီကို ခြိမ်းခြောက်နိုင်မည်၊ ယဉ်ကျေးမှုများ တိုးတိုက်မိပြီး လစ်ဘရယ် ဒီမိုကရေစီကို စိန်ခေါ်မှု များ ပေါ်ပေါက်လာနိုင်သည်ဟု ကောက်ချက် ဆွဲကြသည်။
ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ များ ပေါ်ပေါက်ခဲ့သည်။ မြန်မာနိုင်ငံ သည်လည်း စစ်အာဏာရှင်စနစ် မှသည် လစ်ဘရယ် ဒီမိုကရေစီကို မျိုးစေ့ချရန် အသွင်ကူးပြောင်းခြင်း အဆင့်ဖြစ်သော လစ်ဘရယ် လိုက်ဇေးရှင်းနှင့် ဒီမိုကရက်တိုက်ဇေးရှင်း ကို စတင်နေသည်။ အာဏာရှင်စနစ်မှသည် ဒီမိုကရေစီသို့ အထိ အခိုက် အပွန်းအရှ နည်းနိုင်သမျှ နည်းနည်းဖြင့် သွားရာလမ်း၌ ရွေးချယ်ရမည့် ပုံစံများကို ဖူကူယားမားက မိတ်ဆက်လာသည်။
နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်သည့် အခါ (အထူးသဖြင့် ဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီ ရှင်သန်ရေးအတွက်) လူမှုနိုးကြားမှု ဆိုသည့်အချက်ကို မေ့မထားရန် တင်ပြခဲ့သည်။ လူမှု နိုးကြားမှု Social Mobilization သည် မြန်မာ့နွေဦး နှင့်အတူ ကျွဲကူးရေပါ ပေါ်လာသည်။
ထိုအခါ မြန်မာ့နွေဦးအတွက် ပန်းတိုင်း ပွင့်စေရန် လူမှုနိုးကြား မှုသည် ဒီမိုကရေစီရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးတို့ အတွက် အဓိက မောင်းနှင်အား တစ်ခုဖြစ်သည်ဆိုသော စဉ်းစားချက် သည် အတော်ပင် အရေးပါ အရာရောက်လာသည်။ အထူးသဖြင့် အလုပ်သမားဆန္ဒပြမှုများ၊ လူထုအခြေပြု အဖွဲ့အစည်းများက ပွင့်လင်း မြင်သာမှုမရှိသော စီမံကိန်းများနှင့် နိုင်ငံတော်၏ အင်အားသုံး တုံ့ပြန်မှု များအပေါ် ငြိမ်းချမ်းသောနည်းဖြင့် လှုပ်ရှား လာသောအခါ လူမှု နိုးကြားမှုသည် အားကောင်းလာသည်။ အာရှနိုင်ငံများကပင် မြန်မာအရွေ့ကို ငေးမောနေကြသည်။ ဒီမိုကရေစီ မျက်နှာချေသုတ် လိမ်းထားသော အိမ်နီးချင်းအချို့ မြန်မာကိုကြည့်၍ လက်တို့နေကြ သည်။ လူမှုနိုးကြားမှုသည် လစ်ဘရယ်ဒီမိုကရေစီ အခြေကျရေးနှင့် စီးပွားရေး တိုးတက်မှုကို တွဲခေါ်သွားတော့မည် ဆိုသည်ကို နားလည် သူများက မြင်ကြသည်။
သို့သော် နိုင်ငံတော်၏စွမ်းဆောင်ရည် တစ်ခုတည်းသာ အလွန် အကျွံ အားကောင်းနေသော မြန်မာနိုင်ငံ၌ ဆန္ဒပြခြင်းများကို ကြောက်ရွံ့ ထိတ်လန့်လာပြီး Pressure Groups များ၏ အခန်းကဏ္ဍကို သေးသိမ်စေသော စကားလုံးများဖြင့် ပုံဖော်လာကြသည်။ အမှန်မှာ အဆိုပါ Pressure Groups များသည် လူမှုနိုးကြားမှု Social Mobilization ၏ ခြေလှမ်းများ ဖြစ်သည်ဆိုသည်ကို နိုင်ငံတော်နှင့် နိုင်ငံရေး အင်အားစုများက အသိအမှတ် မပြုကြပေ။ အဘယ့်ကြောင့် ဆိုသော် မြန်မာ့သမိုင်း တစ်လျှောက် လူမှုနိုးကြားမှု ခြေလှမ်းတိုင်းကို နိုင်ငံတော်က အင်အားသုံး ဖြိုခွဲခဲ့ခြင်းကြောင့် အောင်မြင်မှုမရဘဲ ရှေ့သွားမည့် ခြေလှမ်းအတွက် ခလုတ်ကန်သင်းဟု မြင်လာသည်။ ထိုအမြင်မှာ အုပ်စိုးသူ အစိုးရများ၏ အမြင်ဖြစ်သည်။
ယခုအခါ နိုင်ငံရေး ပါတီများနှင့် အင်အားစုအချို့တို့သည် တရားဝင်ရပ်တည်ခွင့် ရလာသောအခါ လျစ်လျူပြု ခံနေရသော အင်အားစု များက သူတို့၏ ဆန္ဒသဘောထား များကို ထုတ်ဖော်လာကြသည်။ ထိုအင်အားစုများက ကန်ပိန်းများဖြင့် သူတို့၏ ကြွေးကြော်သံကို မြှင့်တင်သောအခါ နိုင်ငံတော်က ယခင်နည်းအတိုင်း ကိုင်တွယ်သည်။ သို့သော် ခေတ်မတူ တော့သောကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ ပေါ်လာသည်။ Backfire ဖြစ်သွားသည်။ လူမှုနိုးကြားမှု အင်အားစု များ၏ဒေါသကို ဆွပေးလိုက်သလို ဖြစ်ကာ အခြေအနေမှာ တင်းမာလာ သည်။ ထိုအခါ နိုင်ငံတော်အတွက် ရှေ့နေ လိုက်ပေးလိုသော အင်အားစု များက ဆန္ဒပြသူ များသည် ပြဿနာ ရှာသူများဖြစ်သည်ဆိုသည့် အဆို ကို ရှေ့တန်းတင်ကာ အရာရာကို နိုင်ငံတော်နှင့် နိုင်ငံရေး ပါတီများ လက်ဝယ်သို့သာ ဝကွက် အပ်လိုကြသည်။ လူမှုနိုးကြားမှုအင်အားစု ဖြစ်သော Pressure Groups ၏ အရေးပါမှုကို ဖျောက်ဖျက်ဖို့ ကြိုးစားကြတော့သည်။
ဖူကူယားမား၏ မိုဒယ်ကိုပြန်ကြည့် သောအခါ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အညွှန်းလေးမျိုး ရှိသည်။ ထိုလေးမျိုးစလုံးတွင် နိုင်ငံတော်၊ စီးပွားရေး တိုးတက်မှု၊ လူမှုနိုးကြားမှု၊ ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေး ဆိုသော အချက်ငါးချက်သည် ခေတ်သစ် လစ်ဘရယ်ဒီမိုကရေစီ၏ သွားရာလမ်းများ အဖြစ် တင်ပြထားသည်။ စီးပွားရေး တိုးတက်မှုမရှိ၊ ဥပဒေစိုးမိုးရေး ကင်းမဲ့၊ ဒီမိုကရေစီ ကောင်းမွန်စွာ အသက်မဝင်သေး သော မြန်မာနိုင်ငံအတွက် နိုင်ငံတော်၏ အခန်းကဏ္ဍမှာ သိပ်ကြီးမား နေသည်။ ထိုနိုင်ငံတော်ကို တန်ပြန်ချိန်ခွင်လျှာညှိရန် လူမှုနိုးကြားမှု ဖြင့်သာ မယိမ်းမယိုင်သွားရမည်။
ထိုလမ်းကြောင်းအရ ....
၁။ နိုင်ငံတော်က စီးပွားရေးတိုးတက်မှုကို လုပ်ရမည်။
၂။ နိုင်ငံတော်က ဥပဒေစိုးမိုးရေးကို လုပ်ရမည်။
၃။ လူမှုနိုးကြားမှုက ဥပဒေစိုးမိုးရေးကို စမ်းသပ်နေရမည်။
၎။ လူမှုနိုးကြားမှုက ဒီမိုကရေစီရှင်သန်ရန် ရေခံမြေခံဖြစ်သည်။
၅။ စီးပွားရေးတိုးတက်မှု၊ ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေးကို တဖြည်းဖြည်း အားကောင်းအောင် လုပ်ရမည်။
လူမှုနိုးကြားမှု (Social Mobilization) နှင့် နိုင်ငံတော် (State Capacity) တို့ကြား အင်အားချိန်ခွင်လျှာကို ထိန်းညှိပြီး တစ်ဦးနှင့် တစ်ဦး အပြန်အလှန် တွဲခေါ်သွားရင်း စီးပွားရေး တိုးတက်မှု၊ ဒီမို ကရေစီနှင့် ဥပဒေစိုးမိုးမှုတို့ အားကောင်းမောင်းသန် ဖြစ်လာစေရန် ပြုစုပျိုးထောင် ရခြင်းဆိုသည့် မိုဒယ်မှာ မြန်မာ့နွေဦးနှင့် အသင့်တော် ဆုံးဖြစ်နေသည်။ ထိုအနုမာနအရ State နှင့် Social Mobilization သည် နှစ်ပေါင်း ၅၀ ကျော်ကြာ မဟာရန်သူတော်ကြီး အဆင့်မှ ယခု အခါ လက်တွဲဖော်၊ လုပ်ဖော်ကိုင်ဖက် အဖြစ် လက်တွဲဖို့သာလိုသည်။ ထိုအင်အားစုနှစ်ခု လက်တွဲရေးအတွက် အချက်သုံးချက် မရှိမဖြစ် လိုသည်။ ယင်းမှာ ပွင့်လင်းမြင်သာမှု (Transparency)၊ တာဝန်ခံမှု (Accountability) နှင့် ယုံကြည်မှု (Trust) တို့ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် “လာရင်းကိစ္စမှာ” လစ်ဘရယ်ဒီမိုကရေစီ အခြေကျပြီး မြန်မာ့မြေတွင် ပန်းတိုင်းဖူးပွင့်ဖို့ဖြစ်သည်။ ဘက်ပေါင်း စုံ ဟန်ချက်ညီဖို့ဖြစ်သည်။ လာရင်းကိစ္စကို မေ့ကာ ဒီမိုကရေစီ အဖူး အပွင့်မတိုင်မီ မွှေးပျံ့သော ရနံ့များကြား သာယာနေခြင်းသည် အန္တရာယ် ကို ဖိတ်ခေါ်နေခြင်း ဖြစ်သည်။ သာယာနေသူများက လူမှုနိုးကြားမှုကို ရန်သူဟုမြင်သည်။ လာရင်းကိစ္စသည် ရန်သူအချင်းချင်း မိတ်ဆွေ လုပ်ရန်ဖြစ်သည်။ လာရင်းကိစ္စသည် အပေးအယူ လုပ်ရန်ဖြစ်သည်။ လာရင်းကိစ္စသည် ဥပဒေစိုးမိုးရန်ဖြစ်သည်။ လာရင်းကိစ္စသည် ဖွံ့ဖြိုးတိုးတက်ရန် ဖြစ်သည်။
ထို့ကြောင့် ယုံကြည်မှု (Trust) အကြီးအကျယ် ပျောက်ဆုံးနေ သော နိုင်ငံတော်နှင့် လူမှုနိုးကြားမှုနှစ်ခုအကြား ယုံကြည်မှုတည် ဆောက်ရေးသည် အရေးပါသည်။ တစ်ဦးကိုတစ်ဦး အသိအမှတ်ပြုဖို့ လိုသည်။ လူမှုနိုးကြားမှုကို အသိအမှတ်မပြုသော အင်အားစုများက နိုင်ငံတော်၏ လုပ်ကိုင်နိုင် စွမ်းရည်ကို အင်အားဖြင့် အသုံးချဖို့ကြံစည် လေလေ နိုင်ငံတော်နှင့် လူမှုနိုးကြားမှု ဟန်ချက်ပျက်လေလေဖြစ် မည်။ နိုင်ငံတော်ကိုယ်၌က လူမှုနိုးကြားမှု လှုပ်ရှားမှုများကို အထင်အမြင် သေးကာ ထစ်ခနဲရှိ တရားခံ ရှာနေခြင်းသည် လက်တွဲဖို့ ပိုမိုဝေးကွာစေ မည်ဖြစ်သည်။ ပန်းတိုင်းပွင့်ဖို့ နိုင်ငံတော်၏စွမ်းဆောင်ရည် မည်မျှ ရှိသည်၊ လုပ်ရည်ကိုင်ရည် မည်မျှရှိသည်ဆိုသည်မှာ စမ်းသပ်ချက် ဖြစ်သည်။
ထို “စမ်းသပ်ချက်”ကို “ခြိမ်းခြောက်မှု”ဟု မြင်ပါက၊ လူမှုနိုးကြားမှု သည် နိုင်ငံတော်၏စွမ်းရည်ကို အင်အားသုံး ဖြိုချလိုက်ပါက ကြောက်မက်ဖွယ်ရာ ကောင်းသော နိုင်ငံရေး ချောက်ကမ်းပါးကြီး တွင်းသို့ ရောက်ရှိသွားနိုင်မည် ဖြစ်သည်။ စမ်းသပ်မှုကို ခြိမ်းခြောက်မှု ဟုမြင်သော သဘောထား မပြောင်းသရွေ့ ပန်းတိုင်းပွင့်ရန် မလွယ်ကူပေ။
Ref:thevoicemyanmar
မူရင်းက..
Exceptionalism.fukuyama

No comments:
Post a Comment