Popular Posts

Monday 13 November 2017

အစိုးရအဖွဲ့နှင့် ဆက်လျှောက်ရမည့် လမ်း

မြန်မာနိုင်ငံ၏ သမိုင်းကို အလှည့်အပြောင်းဖြစ်စေခဲ့သော ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် ယခုနိုဝင်ဘာ ၈ ရက်နေ့တွင် ၂ နှစ်ပြည့်ခဲ့ပြီ။ ထိုရွေးကောက်ပွဲနှင့်အညီ အာဏာရလာခဲ့သော အစိုးရအဖွဲ့ ရှေ့ဆက်လျှောက်ရမည့်လမ်းကို မျှော်မကြည့်မီ ၂ နှစ် ခရီးလမ်းကို ပြန်သုံးသပ်ရန်လိုပေသည်။ အစိုးရသည် ပြည်သူအများအပြား၏ ထောက်ခံမှုကို ရနေဆဲဖြစ်သည့်အတွက် ပြည်သူ့ထောက်ခံမှုကို အထူးအထွေထပ်မံရှာဖွေရန်မလိုအပ်ဘဲ ပြည်သူနှင့် နိုင်ငံအကျိုးရှိမည့် မူဝါဒများကို ယခုထက်ရေးဆွဲအကောင်အထည်ဖော်ရန်သာ လိုသည်။ ၂ နှစ် အတွင်းတွင် အစိုးရသည် လမ်းကြောင်းမှန်ပေါ် ရောက်လာပြီ ဖြစ်သော်လည်း မူဝါဒကောင်းများ ပိုပြီးပေါ်ထွက်အကောင်အထည်ဖော်ရန် ယခုထက် တောင့်တင်းသောအစိုးရဖြစ်လာရန်လိုအပ်သည်။

ပထမဆုံးအနေနှင့် အစိုးရအဖွဲ့တွင် COO လိုအပ်ချက်ရှိနေသလားဟူသော မေးခွန်းမေးရန်လိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏ CEO ဟုဆိုလျှင် သူသွားလိုသည့်ရည်မှန်းချက် Vision၊ Mission တို့ကိုရောက်အောင် အဖွဲ့အစည်းကိုမောင်းနှင်မည့် COO (Chief Operating Officer) ကောင်းကောင်းလိုသည်။ CEO သည် ကုမ္ပဏီ၏ ယဉ်ကျေးမှု၊ တန်ဖိုးတို့ကို ဖော်ထုတ်မည်၊ မြှင့်တင်မည်၊ အဖွဲ့သားများကို စိတ်အားတက်ကြွလာအောင် ဆောင်ရွက်မည်ဆိုလျှင် COO သည် နေ့စဉ်အဖွဲ့အစည်းကို တွန်းရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် COO နေရာကိုဝင်ယူလောက်အောင် မအားပါ၊ ဝင်လည်းမယူသင့်ပါ။ မြန်မာနိုင်ငံအကြောင်းကို ကျွမ်းကျင်သော၊ ကမ္ဘာ့အရေးကို လက်လှမ်းမီသော COO အားဖြင့်သာ နေ့စဉ်လုပ်ငန်းများကို တွန်းရမည်ဖြစ်သည်။

အစိုးရအဖွဲ့တွင် ဒုတိယလိုအပ်ချက်မှာ ‘မြန်မာ ဂိုကမ်ဆွီး’ ဖြစ်နိုင်သည်။ စင်ကာပူကို မျိုးဆက်တစ်ဆက် နှစ်နှစ်ဆယ်အတွင်း တတိယကမ္ဘာမှ ပထမကမ္ဘာဖြစ်အောင် ပြောင်းလဲလိုက်သည်မှာ လီကွမ်ယု ဟု မြန်မာအတော်များများသိကြသည်။ သို့သော် စင်ကာပူ ပထမကမ္ဘာသို့ ရောက်အောင် ထမ်းတင်ခဲ့သည့်စီးပွားရေးအောင်မြင်မှု၏ ဗိသုကာမှာ ဂိုကမ်ဆွီးဖြစ်သည်ကို သတိမမူမိကြသည်ကများသည်။ လီကွမ်ယုသည် နိုင်ငံရေး၊ နိုင်ငံအုပ်ချုပ်ရေးတွင် စွမ်းသော်လည်း စီးပွားရေးတွင် သူ၏ထိပ်တန်းလက်ထောက်မှာ ဗြိတိန်တွင်ပညာသင်ခဲ့သော စီးပွားရေးပညာရှင် ဂိုကမ်ဆွီးဖြစ်သည်။ ဒုဝန်ကြီးချုပ်ရာထူးအထိ တာဝန်ယူခဲ့သည့် ဂိုကမ်ဆွီးသည် စင်ကာပူ၏ စီးပွားရေးအိပ်မက်ကို အကောင်အထည်ဖော် ရာတွင် လီကွမ်ယု၏ ညာလက်ရုံးဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နောက်အကျဆုံးနိုင်ငံများ LDC စာရင်းထဲတွင် ရောက်နေရာ LDC ဘဝမှလွတ်ရန် စီးပွားရေးကို ဆွဲတင်ရမည်။ စင်ကာပူကို နှစ်၂၀ အတွင်း ကျော်တက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် စင်ကာပူတွင်ပြောခဲ့သော စကားသည် ရယ်ရွှမ်းပတ်ရွှမ်းပြောသည်ဖြစ်စေ၊ အတည်ပြောသည်ဖြစ်စေ ထိုအိပ်မက်ကို အကောင်အထည်ဖော်ရန် မြန်မာဂိုကမ်ဆွီးတစ်ယောက် မရှိလျှင် မဖြစ်ပါ။ လောလောဆယ်တွင် မြန်မာဂိုကမ်ဆွီး ရှိနေပြီလား။

ဝန်ကြီးဌာနများ အရေအတွက် နည်းပါးသွားအောင်၊ ကျစ်ကျစ်လျစ်လျစ်ဖြစ်သွားအောင် ပေါင်းလိုက်သော ဝန်ကြီးဌာနကြီးများသည် ဆိုင်းဘုတ်အရ၊ နာမည်အရသာမကဘဲ အနှစ်သာရအရပါ ပေါင်းစည်းသွားရန်လိုသည်။ အနှစ်သာရပါ မပေါင်းစည်းနိုင်လျှင် သန်ရာသန်ရာသာ အာရုံစိုက်သည့်အတွက် ဝန်ကြီးဌာနကြီး၏ တစ်စိတ်တစ်ပိုင်းသာ အသုံးချနိုင်မည်။ ဥပမာ – ကကြီးဝန်ကြီးဌာန၊ ခခွေးဝန်ကြီးဌာနနှင့် ဂငယ်ဝန်ကြီးဌာန သုံးခုပေါင်းလိုက်သည့် ကခဂဝန်ကြီးဌာနကို ဦးဆောင်သည့် ဝန်ကြီးသည် ကဝန်ကြီးဌာနမှလာသဖြင့် ကဝန်ကြီးဌာနတစ်ဖြစ်လဲ ကဌာနကိုသာ အာရုံစိုက်နေခြင်း။ ကုမ္ပဏီတစ်ခုတွင် ဌာနတစ်ခုမှ ခေါင်းဆောင်သည် ကုမ္ပဏီတစ်ခုလုံး၏ခေါင်းဆောင်ဖြစ်လာသော်လည်း ထိုဌာန၏ခေါင်းဆောင်အဖြစ်သာ ဆက်လက်ပြုမူနေပြီး ကုမ္ပဏီခေါင်းဆောင်အဖြစ်သို့ မရောက်သေးသည့်သဘောမျိုးနှင့်လည်း ဆင်သည်။ ဥပမာ- Sales Department အရောင်းဌာနခေါင်းဆောင်သည် အကြီးဆုံးခေါင်းဆောင် CEO ဖြစ်လာလျှင် သူကျွမ်းကျင်သည့် Sales ဘက်ကိုသာ ဖိလုပ်သည့်အတွက် လက်ရှိ Sales ဌာနအကြီးအကဲလည်း သူ့အလုပ်သူ မလုပ်ရ၊ ကျန်ဌာနများဘက်ကိုလည်း ပျက်ကွက်သည်မျိုး။

ဝန်ကြီးဌာနများ မြန်သင့်သလောက်မြန်မြန် မလည်ပတ်ခြင်းသည် ဗျူရိုကရေစီယန္တရားအဟောင်းပေါ်တွင် အထိုင်ချထားသော ဝန်ထမ်းအချို့၏ အခုအခံကြောင့်ဟု စဉ်းစားကြသူများလည်း အပြင်တွင်ရော အတွင်းတွင်ရောမနည်းလှ။ သို့သော် သက်ဆိုင်ရာခေါင်းဆောင်သည် ကြည်ညိုဖွယ်အရည်အချင်းရှိလျှင် အခုအခံသည် အနှေးနှင့် အမြန်လျော့ပါးသွားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးရာထူးကိုပါ တွဲယူထားသည့်အပြင် ထိပ်တန်းလက်ထောက်များသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှဖြစ်နေသဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် တန်ခိုးအထွားဆုံးဝန်ကြီးဌာနဖြစ်လာခဲ့သည်။ စီးပွားကူးသန်းဒုဝန်ကြီးသည်လည်း သံတမန်လောကမှပင် လာသည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးယူထားခြင်းသည် အခြေခံဥပဒေအရ ကာ/လုံတွင် ဝင်ထိုင်နိုင်ရန် မဟာဗျူဟာမြောက်ယူထားခြင်းဟု ခန့်မှန်းရသော်လည်း ယင်းသို့ယူထားသည့်အတွက် ပျော့ကွက်များလည်းတွေ့ရသည်။ နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထားသည့်အတွက် ဧည့်သည်တော်နိုင်ငံခြားရေးဝန်ကြီးများလာလျှင် တန်းတူချင်းတွေ့ဆုံရန် တာဝန်အလိုလိုရှိသွားသည်။ မြန်မာ့ထိပ်ဆုံးခေါင်းဆောင်နှင့် အချိန်ယူတွေ့ဆုံရန်အတွက် အခြားနိုင်ငံများဘက်က ထိပ်ဆုံးခေါင်းဆောင် သမ္မတ၊ ဝန်ကြီးချုပ်စသည် စေလွှတ်ရန်မလို။ နိုင်ငံခြားရေးဝန်ကြီး လွှတ်လိုက်လျှင်ပင်ရပြီ။ ဒေါ်အောင်ဆန်းစုကြည်ယူထားသည့် တာဝန်များပြားရာ တစ်ဖက်နိုင်ငံခြားရေးဝန်ကြီးများကို ဧည့်ခံရသည်နှင့်ပင် သူ့အဖိုးတန်အချိန်များ ပြုန်းတီးသည်။ ရခိုင်အရေးပေါ်လာသည့်အခါ သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများပြုလုပ်လျှင် ကိုယ်တိုင်တက်ရှင်းရမည့် သဘောဖြစ်ခဲ့သည်။

အစိုးရကို ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပုံကိုကြည့်လျှင် ပါတီနှင့် အစိုးရကို ခွဲခြားပြီး Check and Balance လုပ်ထားရန် ရည်ရွယ်ပုံရသည်။ အစိုးရအဖွဲ့တွင်းတွင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်သာ NLD ပါတီအမာခံဟု ဆိုရလောက်အောင် ပြင်ပပညာတတ်ပုဂ္ဂိုလ် Technocrat အများအပြားနှင့် ဖွဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် အချို့သောဝန်ကြီးများသည် အားနည်းပြီး မှန်းချက်နှင့်နှမ်းထွက်မကိုက်သည့်အခါ ဝေဖန်သံများညံလာခဲ့သည်။ ယခင်က အဖိနှိပ်ခံရခြင်းကြောင့် NLD ပါတီအနီးသို့ ကပ်ဝံ့သူပညာရှင်များ နည်းပါးခြင်း၊ ပါတီကိုယ်တိုင်က သံသယကြီးခြင်း၊ ပြင်ပလောကတွင် မည်သူသည် မည်မျှတတ်ကြောင်း အကျင့်စာရိတ္တမည်သို့ရှိကြောင်း စသည်တို့ကိုသိနားလည် နိုင်သည့် ကွန်ရက်အားနည်းခြင်း၊ လူရှာခြင်း၊ လူလေ့ကျင့်မှုအားနည်းခြင်း၊ လုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာစကားဖြင့်ပြောလျှင် လူအင်အားဌာန အားနည်းခြင်းတို့ကြောင့် အကောင်းဆုံးအသင့်တော်ဆုံးသူများကို အချို့ဝန်ကြီးနေရာများ၊ ဝန်ကြီးကဲ့သို့အရေးကြီးသောနေရာများအတွက် မရလိုက်ခြင်းဟု သုံးသပ်မိပါသည်။ ယင်းသို့ လူမတောင့်သည့်အတွက် ရခိုင်ကဲ့သို့ အရေးကြီးများဖြစ်လာသည့်အခါ၊ စီးပွားရေးကို ခပ်မြန်မြန် ဆွဲတင်ရန် လိုအပ်လာသည့်အခါ စိတ်သွားတိုင်း ကိုယ်မပါသည်မျိုး မြင်ရသည်။

ပုဂ္ဂိုလ်အခြေပြုလည်ပတ်လေ့ရှိသည့် မြန်မာပြည်တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝန်ထုပ်ဝန်ပိုးကြီးမားမည့်အရေးသည်လည်း စိုးရိမ်သည့်အတိုင်းဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကော်မတီပေါင်းများစွာတွင် ဥက္ကဋ္ဌတာဝန်ယူထားသည်။ သူသည် ပုလင်းလည်ပင်း Bottleneck ကဲ့သို့ဖြစ်နေပြီး ဆုံးဖြတ်ချက်ပေါင်းများစွာသည် သူ့ကိုစောင့်ဆိုင်းနေရသည်ဟု ဆိုသူများရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ခွဲဝေပေးသော်လည်း မြန်မာရုံးဌာနများတွင် ဖြစ်လေ့ရှိသည့် ကိုယ်ကိုယ်တိုင်မဆုံးဖြတ်ချင် မဆုံးဖြတ်ရဲသည့်အတွက် အထက်သို့ပြန်တင်ပေးခြင်း၊ ရိုင်းရိုင်းပြောလျှင် အထက်လူကြီးကို ပြန်ခိုင်းစားခြင်း Delegating Upward များလည်း ဖြစ်နိုင်သည်။

လက်ရှိအစိုးရသည် နိုင်ငံကို ဦးဆောင်မောင်းနှင်နေသည်ဖြစ်ရာ ယင်း၏စွမ်းဆောင်ရည်သည် နိုင်ငံ၏ စွမ်းဆောင်ရည်၊ ယင်း၏ အဆိုး အကောင်းသည် နိုင်ငံ၏ အဆိုးအကောင်းပင်ဖြစ်သည်။ ဒီမိုကရေစီအစိုးရများသည် သက်တမ်းတစ်ကြိမ်ကုန်တိုင်း ရွေးကောက်ပွဲလုပ် ပြည်သူ့ဆန္ဒခံယူရသဖြင့် အာဏာရှင်အစိုးရများကဲ့သို့ အချိန်ကို စိတ်ကြိုက်မယူနိုင်ပါ။ ကုန်ခဲ့သော ၂ နှစ်၏ ပျော့ကွက်များကိုပြင်ပြီး သာကွက်များကို ပိုသန်မာအောင် လုပ်နိုင်ပါမှ နိုင်ငံကို ထိုက်တန်သောနေရာသို့ လာမည့်သုံးနှစ်အတွင်း အရောက်ပို့နိုင်မည်ဖြစ်သည်။

ဇေယျ- The Voice

No comments:

Post a Comment