Popular Posts

Monday, 13 November 2017

အမီလိုက်ရင်းနောက်ကျကျန်နေသည့် မြန်မာ့စီးပွားရေး


ရက် ၁၀၀ အတွင်း အမြန်ဆုံးဆွဲတင်မည်။ ဂျက်လေယာဉ်အလား တစ်ရှိန်ထိုး ထိုးတက်တော့မည်။

ဤသည်က လက်ရှိအစိုးရ၏ မြန်မာ့ စီးပွားရေးနှင့်ပတ်သက်သော ကြွေးကြော်သံများဖြစ်သည်။

စီးပွားရေးနှင့်ပတ်သက်၍ သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်သည့်အတွက် မြန်မာနိုင်ငံကို မကြာသေးမီကပင် ကမ္ဘာ့ဘဏ်က ပြုပြင် ပြောင်းလဲသူကြယ်ပွင့်ဆု ပေးအပ်ခဲ့သည်။

သို့သော် ကမ္ဘာ့ဘဏ်က နှစ်စဉ် ထုတ်ပြန်သော စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုစာရင်းတွင်မူ မြန်မာနိုင်ငံကို အောက်ဆုံး ၂၀ စာရင်းတွင် မြင်တွေ့ရ ပြန်သည်။

လာမည့်နှစ်အတွက် စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုစာရင်းတွင် နိုင်ငံ ပေါင်း ၁၉၀ အနက် မြန်မာက အဆင့် ၁၇၁ ဖြစ်ပြီး အာဆီယံဒေသတွင်းနိုင်ငံ များအနက် အဆင့်အနိမ့်ဆုံးနိုင်ငံဖြစ်သည်။

စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု စာရင်းတွင် ၂၀၁၄ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံပါဝင်လာပြီး ယင်းနှစ်တွင် မြန်မာနိုင်ငံသည် အဆင့် ၁၈၂ ဖြစ်သည်။

ငါးနှစ်အတွင်း အဆင့် ၁၁ ဆင့် တက်လာသည်ဟု ဆိုနိုင်သော်လည်း ၂၀၁၆ ခုနှစ်တွင် မြန်မာသည် အဆင့် ၁၆၇ အထိရှိခဲ့ရာ ၂ နှစ်ဆက်တိုက် အဆင့်ပြန်ကျလာခြင်းဖြစ်သည်။


စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု ရှိ မရှိကို ကမ္ဘာ့ဘဏ်က အချက် ၁၀ ချက်ဖြင့် တိုင်းတာခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွက် အချက်ခြောက်ချက်တွင် တိုးတက်မှု မဆိုစလောက်ရှိပြီး ကျန်လေးချက်မှာ ယခင်နှစ်အတိုင်း အပြောင်းအလဲမရှိကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ငါးနှစ်အတွင်း တိုင်းတာမှုအမှတ် လုံးဝမပြောင်းလဲသည့် အချက်မှာ ချေးငွေ ရရှိရေးဖြစ်ပြီး ချေးငွေရရှိရန် အခက်ခဲဆုံး တိုင်းပြည် ၁၅ ခုစာရင်းတွင် ပါဝင်နေသည်။

ချေးငွေရရှိမှုလွယ်ကူမှုစာရင်းတွင် မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အဆင့် ၁၇၀ ရှိရာမှ လေးနှစ်ဆက်တိုက် အဆင့် ကျဆင်းလာပြီး ၂၀၁၈ ခုနှစ်တွင် အဆင့် ၁၇၇ နေရာတွင် ရပ်တည်နေကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးမောင်းနှင်အားဖြစ်သော အသေးစား၊ အလတ်စား စီးပွား ရေးလုပ်ငန်းများ ချေးငွေအလွယ်တကူ ရရှိလာစေရန် ဆွေးနွေးပွဲပေါင်း ရာနှင့်ချီ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ မြင်သာသော ပြောင်းလဲမှုမရှိပေ။

“ပြောရတာတော့ ခါတိုင်းလိုပါပဲ။ ဒီစကားလုံးတွေပဲ။ ဒါတွေပဲဗျာ။ အပြောင်း အလဲမရှိဘူး။ Sနြ တွေကို ထိထိရောက် ရောက် ကူညီပေးနိုင်တာ မတွေ့ရသေးဘူး” ဟု ဂျာမန်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (GIZ) မှ အသေးစားနှင့် အလတ်စား ဘဏ္ဍာရေး၊ ငွေရေးကြေးရေးကျွမ်းကျင်သူ ဦးစံသိန်းက ဆိုသည်။

အဆိုပါအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် လျှပ်စစ်မီးရရှိမှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုခက်ခဲလာသည်။
လျှပ်စစ်မီးရရှိရေးမှာ ငါးနှစ်အတွင်း အဆိုးဝါးဆုံးအခြေအနေဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အဆင့် ၁၂၆ ရှိရာမှ ၂၀၁၈ ခုနှစ်တွင် အဆင့် ၁၅၁ သို့ရောက်ရှိသွားသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် အစိုးရိမ်ဆုံး စွန့်စားရမှုမှာ လျှပ်စစ်မီးဖြစ်ပြီး မြန်မာနိုင်ငံသည် လျှပ်စစ်မီးရရှိရေးတွင် သုံးနှစ်ဆက်တိုက် အဆင့်ကျဆင်းလာသည်။

လျှပ်စစ်မီးနှင့် ချေးငွေ တစ်နည်းအားဖြင့် ငွေကြေးအရင်းအနှီးသည် မြန်မာ့ စီးပွားရေး၏ အဓိကစိန်ခေါ်မှု ဖြစ်နေသည်။
“ရေတိုရေရှည်လုပ်ရမယ့် အခြေခံ အဆောက်အဦတွေမှာ ရေရှည်လုပ်ရမယ့် အဓိကဟာတွေ တက်မလာသေးတာကြောင့် ဒီလိုဖြစ်နေတာပဲ။ ဒါတွေ အားနည်းနေသေးသရွေ့ကတော့ ဒီအဆင့် ကလည်း တက်လာမှာမဟုတ်ဘူး” ဟု ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆိုသည်။

စီးပွားရေးတိုးတက်ရန် အဓိက ကိုင်တွယ်ရမည့် အချက်များကို မကိုင်တွယ်နိုင်သေးသရွေ့ မြန်မာနိုင်ငံ၏ အခြေ အနေမှာ ရှိရင်းစွဲနေရာတွင်ပင် ဆက်ရှိနေဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ငြိမ်းချမ်းရေးလည်း ရှိမယ်၊ အားနည်းနေတဲ့ အခြေခံအဆောက်အဦတွေ ကိုလည်း တိုးတက်ပြောင်းလဲနိုင်မယ် ဆိုရင် စီးပွားရေးက ကောင်းလာမယ်။ အခုက ဘေးနားက အကိုင်းအခက် လောက်ပဲ လုပ်နိုင်တဲ့သဘောပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ကုမ္ပဏီလုပ်ငန်းများတွင် ထည့်ဝင်ရင်းနှီးထားသော ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးရေး၊ စီးပွားရေးအငြင်းပွားမှု ဖြေရှင်းရေးနှင့် ကုမ္ပဏီလူမွဲစာရင်းခံမှုကိစ္စရပ်များတွင် တိုးတက်မှုမရှိသည့် အပြင် အဆင့်များကျဆင်းသွားသည်။

ရင်းနှီးမြှုပ်နှံသူ အကာအကွယ်ပေးရေးသည် ကော်ပိုရိတ်အုပ်ချုပ်မှု၊ ပွင့်လင်းမြင်သာမှုတို့နှင့် ချိတ်ဆက်နေပြီး လက်ရှိအချိန်ထိ ယင်းအခြေအနေမှာ ထင်သာမြင်သာ ပြောင်းလဲမှုမရှိသေးကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

ပြည်တွင်းရှိ ငွေကြေးရင်းနှီးထည့်ဝင်သူများအတွက် အကာအကွယ်နည်းပါးမှုမှာ လက်ရှိရင်ဆိုင်နေရသော ပြဿနာတစ်ရပ်ဖြစ်ပြီး တရားမဝင် အစုရှယ်ယာ ခေါ်ယူမှု၊ ငွေထည့်ဝင်ခိုင်းပြီးနောက် လိမ်ပြေးမှုများစွာ ပေါ်ပေါက်နေဆဲဖြစ်သည်။

“အွန်လိုင်းကနေ ရှယ်ယာတွေ ခေါ်တယ်။ လူတွေကလည်း သေချာမသိ၊ မစုံစမ်းဘဲ သူတို့ပေးတဲ့မက်လုံးကို ကြည့်ပြီး ငွေထည့်ကြတယ်။ ကိုယ်တိုင်လည်း မက်မောခဲ့တယ်။ နောက်တော့ ကိုယ့်ငွေကို ပြန်ထုတ်မရဘဲ အဆုံးခံလိုက်ရတာတွေ အများကြီးပဲ” ဟု အွန်လိုင်းမှ ခေါ်ယူသော ပြည်တွင်းလုပ်ငန်းတစ်ခုတွင် ငွေထည့် ဝင်ခဲ့ပြီး ငွေကြေးဆုံးရှုံးဖူးသူ မအိသဇင် (အမည်လွှဲ) က ဆိုသည်။

အများပြည်သူသို့ ရှယ်ယာခေါ်ယူ မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က အသိပညာပေးမှုများရှိသော်လည်း နေ့စဉ်နှင့်အမျှ အွန်လိုင်း ပေါ်တွင် ရှယ်ယာထည့်ဝင်ရန်ကမ်းလှမ်း မှုများကလည်း ရှိနေသည်။
ယင်းကြောင့်ပင် ရင်းနှီးမြှုပ်နှံသူများအကာအကွယ်ပေးရေးတွင် မြန်မာနိုင်ငံသည် အဆင့် ၁၈၃ တွင် ရပ်တည်နေပြီး မြန်မာနိုင်ငံအောက်တွင် ခုနစ်နိုင်ငံသာ ကျန်ရှိသည်။

စီးပွားရေးလုပ်ငန်းများ အငြင်းပွားမှု ဖြေရှင်းရေးတွင်လည်း အမှုကိစ္စပြီးပြတ်ရန် သုံးနှစ်ကျော်ကြာမြင့်ပြီး နစ်နာမှု လျော်ကြေးငွေ၏ထက်ဝက်ခန့်ကို တရားစရိတ်အဖြစ် ပြန်လည်ကုန်ကျခံနေရ ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ငါးနှစ်အတွင်း သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်ခဲ့သည်မှာ စီးပွားရေးလုပ်ငန်းတစ်ခု လွယ်ကူစွာ စတင်နိုင်မှုဖြစ်သည်။

လုပ်ငန်းစတင်ရန် မှတ်ပုံတင်ခြင်း၊ အနည်းဆုံးထည့်ဝင်ရင်းနှီးငွေသတ်မှတ်မှု ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းစဉ် အဆင့်အချို့ကို ပယ်ဖျက်လိုက်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုကို လွယ်ကူစွာစတင်နိုင်ခြင်းတွင် အဆင့်တက်ခဲ့သည်။

သို့သော် ယခုနှစ်နှင့်ယှဉ်လျှင် ၂၀၁၈ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းတစ်ခုကို လွယ်ကူစွာစတင်နိုင်သည့် အဆင့်မှာ ပြန်လည်ကျဆင်းသွားပြန် သည်။

စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ရန် ဦးစွာ လုပ်ဆောင်ရမည့် မှတ်ပုံတင်ခြင်းအဆင့်လွယ်ကူနေသော်လည်း ငွေကြေးအရင်းအနှီးရယူရန်လွယ်ကူမှုနှင့် လျှပ်စစ်မီးမရရှိလျှင် အမှန်တကယ် လုပ်ငန်းလည်ပတ်နိုင်ရန်မှာ မလွယ်ကူ ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုကြသည်။

လက်ရှိမြန်မာ့စီးပွားရေး အခြေအနေမှာလည်း ရှေ့သို့တက်မသွားဘဲ ရပ်တန့်နေသည်ဟု စီးပွားရေးလုပ်ငန်း ရှင်များက မြင်ထားကြသည်။

“ကိုယ့်မှာရှိတာလေး ကျစ်ပြီးတော့သာစုထား။ ဘာမှသေချာပြောလို့ မရဘူး။ အခြေအနေက မြင်တဲ့အတိုင်းပဲ။ အကုန်တန့်နေတာ” ဟု စီးပွားရေးလုပ် ငန်းရှင်ကြီးတစ်ဦးက ဆိုသည်။


မြန်မာနိုင်ငံ၏ အခြေအနေမှာ ငါးနှစ်အတွင်းသိသာစွာ မပြောင်းလဲလာသော်လည်း ဒေသတွင်းနိုင်ငံများဖြစ်သော ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံတို့မှာ သိသိသာသာ တိုးတက်ပြောင်းလဲသွားသည်။

စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုတွင် လာမည့်နှစ်အတွက် ဗီယက်နမ်သည် အဆင့် ၆၈၊ အင်ဒိုနီးရှားက အဆင့် ၇၂ သို့ မြင့်တက်ခဲ့ပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံကြီး အိန္ဒိယနိုင်ငံသည်လည်း အဆင့် ၁၀၀ သို့ ခုန်တက်ခဲ့သည်။

သုံးနှစ်အတွင်း ပြုပြင်ပြောင်းလဲမှုများကြောင့် လက်ရှိအချိန်တွင် အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် စွန့်ဦးတီထွင်လုပ်ငန်းများလုပ်ကိုင်ရပိုမိုလွယ်ကူလာစေပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့သည်။

မြန်မာနိုင်ငံသည်လည်း လာမည့် သုံးနှစ်အတွင်း စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အဆင့် ၁၀၀ အတွင်း ဝင်စေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒုတိယသမ္မတ ဦးမြင့်ဆွေတို့ လစဉ်တွေ့ဆုံဆွေးနွေးပွဲများတွင် တစ်ကြိမ်ထက်မနည်း ပြောခဲ့ဖူးသည်။

အိန္ဒိယနိုင်ငံကမူ လက်တွေ့လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

“လက်တွေ့ကျကျမလုပ်လို့ ခုချိန်ထိ တက်မလာနိုင်သေးတာပဲ။ ဌာန အချင်းချင်းက ပူးပေါင်းဆောင်ရွက်မှု ဆိုတာမရှိဘူး။ အားလုံးပဲမြင်တဲ့အတိုင်းပဲ ဘာမှလုပ်မရလို့ တန့်နေတာ” ဟု Sinma ပရိဘောဂကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ဆိုသည်။

နိုင်ငံတခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ဥပဒေသစ်ထပ်မံထုတ် ပြန်ခဲ့သော်လည်း ယင်းဥပဒေသည် စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်မှုနည်းပါး နေသေးသည်။

မြန်မာနိုင်ငံ၏ မဖွံ့ဖြိုးသေးသည့် ဒေသများတွင် ကျွမ်းကျင်လုပ်သားရှားပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး အားနည်းခြင်း၊ လျှပ်စစ်မီးရရှိရန်ခက်ခဲခြင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားမှု နည်းပါးခြင်းဖြစ်သည်။

ဒေသတွင်းနိုင်ငံတစ်ခုဖြစ်သော ဗီယက်နမ်နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးအရ တည်ငြိမ်စေရန် ထိန်းထားနိုင်သည့်အတွက် စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုတွင် အဆင့်ခုန်တက်ခြင်းဖြစ်ပြီး အင်အားကြီး အိန္ဒိယနိုင်ငံထက်ပင် အဆင့် များစွာသာလွန်နေပြီဖြစ်သည်။

ဗီယက်နမ်နိုင်ငံသည် စီးပွားရေးတည်ငြိမ်မှုထိန်းထားနိုင်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုသူများ ဝင်ရောက်နေခြင်း ဖြစ်ကြောင်း အသိဉာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးကျော်ကျော်ဝင်းက ဆိုသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံသူဆိုတာ ဘဏ်ချေးငွေနဲ့လုပ်ငန်းလုပ်ကြတာ။ သူတို့ကိုထုတ်ချေးမယ့်ဘဏ်က စွန့်စားရမှု ဒီလောက်များတဲ့နေရာမှာလုပ်ဖို့ ငွေချေးပေးဖို့ဆိုတာ မလွယ်ဘူး”

လာမည့်နှစ် ၂၀ အတွင်း မြန်မာနိုင်ငံက အမီလိုက်မည့် စင်ကာပူမှာ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုတွင် အဆင့်နှစ်နေရာတွင် ရပ်တည်နေချိန်၌ မြန်မာနိုင်ငံက စီးပွားရေးလုပ်ကိုင်ရအခက်ခဲဆုံးနိုင်ငံ ၂၀ စာရင်းတွင် ပါဝင်နေဆဲ။

“ဒီမှာက နိုင်ငံရေးအရရော၊ စီးပွားရေးအရရော စွန့်စားရမယ့်အချက်တွေ အများကြီးပဲ။ လျှပ်စစ်မီးလည်း မရှိဘူး။ ငွေလဲနှုန်း၊ လုပ်ခလစာ ဘာမှမရေရာဘူး” ဟု ဦးကျော်ကျော်ဝင်းက ဆိုသည်။

စစ်ငြိမ်း. 
Ref:http://voicejournalmm.com/archives/7001



နိုဝင်ဘာ ၁၂ ရက်နေ့က မနီလာတွင်ကျင်းပသည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး (ABIS) တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

Monday, November 13, 2017

ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ယှဉ်ပြိုင်မှုကို အားပေးပြီး ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးထားခြင်းကြောင့် မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများကို မြင်တွေ့နိုင်မည်ဖြစ်ကာ နိုင်ငံ၏ စီးပွားရေးမှာ အလျင်အမြန် တိုးတက်နေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“ကျွန်မတို့ နိုင်ငံရဲ့ စီးပွားရေးက အလျင်အမြန်ကို တိုးတက်နေပါတယ်” ဟု နိုဝင်ဘာ ၁၂ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ Solaire Hotel ၌ အာဆီယံစီးပွားရေးအကြံပေးကောင်စီ (ASEAN BAC)က ကြီးမှူး ကျင်းပသည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး (ABIS) တွင် မိန့်ခွန်းပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ ယှဉ်ပြိုင်မှုကို အားပေးပြီး ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးတာကြောင့် သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြင်တွေ့နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ အရေးကြီးတာကတော့ ပုဂ္ဂလိကကဏ္ဍရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးတွင် အတိုင်းအတာ မဖော်ပြနိုင်လောက်အောင် အထောက်အကူပြုမည့် အရေးပါသော အခြေခံအဆောက်အအုံစီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရာတွင် ပုဂ္ဂလိကကဏ္ဍက အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ဟုလည်း ၎င်းကပြောကြားသွားသည်။

ထို့ကြောင့် One stop service center များတည်ထောင်ခြင်း၊ single-window system ဟုခေါ်သည့် ကုန်သွယ်မှုပြုလုပ်ရာတွင် အဆင်ပြေချောမွေ့အောင် လုပ်ဆောင်သည့် စနစ်ချမှတ်ခြင်း၊ အွန်လိုင်းမှ လျောက်ထားသည့်စနစ် အစရှိသော လုပ်ဆောင်ချက်များကို ဗျူရိုကရက် ကြိုးနီစနစ်လျော့ချရန်နှင့်  ပုဂ္ဂလိက လုပ်ငန်းများ ကြီးပွားတိုးတက်လာနိုင်မည့် စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရန်  ဆောင်ရွက်နေသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သို့သော် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများစွာ ရှိနေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ “စီးပွားရေးနဲ့ နိုင်ငံရေးအရ ဆယ်စုနှစ်ချီ ထီးတည်းနေခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် မကြာသေးမီ အချိန်အတွင်း ကမ္ဘာ့စီးပွားရေး နှေးကွေးလာချိန်မှာ စိန်ခေါ်မှုများစွာရှိနေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၆ ဒသမ ၃ ရာခိုင်နှုန်းရှိမည်ဟု နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားသည်။ တိုးတက်မှုနှုန်းမှာ ၆ ဒသမ ၅ ရာခိုင်နှုန်းရှိနိုင်သည်ဟု ၂၀၁၆ ခုနှစ်က ကြိုတင်ခန့်မှန်းခဲ့သော်လည်း ကုန်ထုတ်ကဏ္ဍတွင် နှေးကွေးနေခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ခွင့်ပြုချက်ရရှိရန် နှောင့်နှေးမှုများနှင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုများ မပြီးပြတ်သေးခြင်းများကြောင့် တိုးတက်မှုနှုန်း ကျဆင်းသွားခြင်းဖြစ်သည်ဟု IMF က ပြောကြားထားသည်။

ထို့ပြင် ကမ္ဘာ့ဘဏ်၏ တွက်ချက်မှုအရ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများဖြစ်ပွားနေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု နှေးကွေးနေသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ ၂၀၁၇ ခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသည်။ ပြီးခဲ့သည်နှစ်က တိုးတက်မှုနှုန်းမှာ ၅ ဒသမ ၉ ရာခိုင်နှုန်းဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားထားသည်။

No comments:

Post a Comment