Popular Posts

Monday 18 February 2019

ပီကင်းဘဲကင်





ပီကင်းဘဲကင်ဆိုတဲ့ တရုတ်ဟင်းလျာဟာ တရုတ်ပြည်တင်မကပဲ ကမ္ဘာတစ်ဝန်းမှာပါ နာမည်ကြီးတဲ့ ဟင်းလျာတပွဲပဲ ဖြစ်ပါတယ်။ ပီကင်းဘဲကင်စာသုံးဖို့ တရုတ်ပြည်ရဲ့ မြို့တော် ပေကျင်းမြို့ကို တကူးတက လာရောက်စာသုံးတဲ့အထိ နာမည်ကြီးတဲ့ ဒီဟင်းလျာဟာ ဘာတွေများ စားကောင်းသလဲဆိုတာကို သရေကျအောင် တင်ဆက်လိုက်ရပါတယ်။

မှတ်ချက်။   ။ Admin ကိုယ်တိုင်လဲ မစားဖူးသေးဘူး။ သက်လား ရွှေဘဲမှာတောင် သွားမစားနိုင်ဖူး။ 😛

ပီကင်းဘဲကင်ဟာ မြင်တာနဲ့ စားချင်လောက်အောင် စွဲဆောင်နေပါတယ်။ ကြွပ်ယွတဲ့ အရေခွံ နူးညံတဲ့ ဘဲသားလွှာတွေရယ် အရေခွံနဲ့ အသား တလွှာသပ်သပ်စီ ဖြစ်နေပြီး ပေကျင်းမြို့ရဲ့ စားဝိုင်းတိုင်းမှာ မပါမဖြစ်ပါပဲ။ ဘဲကင်ဖို့အတွက် ဘဲကောင်ကို သားပေါက်သည်ကနေ ၆၅ ရက်သား အရွယ်ဆို ဘဲသားကင်ဖို့ အကောင်းဆုံးပါပဲ။ ပြီးတာနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ခတ်ပြီးတာနဲ့ ဘဲကင်ဖို့ အသင့်ဖြစ်ပြီပေါ့။ စားသုံးတဲ့အခါမှာလဲ တရုတ်တို့ရဲ့ ထုံးစံအတိုင်း ကြက်သွန်မိတ်လေး ဖုချိုက်လေးတွေ ဖြူး သခွားသီး ခရမ်းချဉ်သီးအကွင်းလေး ပတ်လည်ဝိုင်းပြီး ပဲရည်ဆော့လေးနဲ့ တို့စားပေါ့ကွယ်။ ဘဲကင်ကို တရုတ်ပြည်မှာတော့ နံပြားလို ဂျူံပြားနဲ့ လိပ်ပြီး အချဉ်ရည်နဲ့ စားသုံးတာလဲ ရှိပါတယ်။ နာမည်တော့ မခေါ်တတ်ဖူး။ ဘဲကင်ရဲ့ အရသာတော့ ဘယ်လိုနေလဲ ဆိုတာတော့ မသိပါဘူးဗျာ။ ဘုံကျောင်း ကန်တော့ပွဲစွန့်တုန်းက စားရတဲ့ ဘဲကင်နဲ့ အတူတူပဲ နေမှာပါပဲလေ။ Made By Chinese ပဲဟာကိုနော့်။

သမိုင်းကြောင်း

ပီကင်းဘဲကင်ဟာ သူ့သမိုင်းနဲ့ သူရှိခဲ့တဲ့ ဟင်းလျာတပွဲပါ။ ပီကင်းဘဲကင် ဟင်းလျာဟာ တောင်ပိုင်း မြောက်ပိုင်း မင်းဆက်ကတည်းက ပေါ်ပေါက်နေတဲ့ ဟင်းလျာလို့ မှတ်တမ်းအရ သိရပါတယ်။ မွန်ဂိုတွေအုပ်စိုးတဲ့ ယွမ်မင်းဆက် ခေတ်မှာတော့ တော်ဝင်ဟင်းပွဲစာရင်းထဲမှာ ပါဝင်တဲ့ ဟင်းလျာအမျိုးအစား တစ်ခုလာခဲ့ပါပြီ။ ၁၃၃၀ ခုနစ် နန်းတွင်းစားဖိုချောင်ရဲ့ 飲膳正要 လို့ခေါ်တဲ့ ဟင်းလျာမှတ်တမ်းထဲမှာတော့ 燒鴨子 Shaoyazi ဘဲကင်ဟင်းလျာလို့ မူလက ခေါ်ဆိုတာကို တွေ့ရပါတယ်။ မှတ်မိသေးလား မသိဖူး။ ကောကျင့်တို့ ဇာတ်ကားထဲမှာ ကျိုးပေါ်ထုံးနဲ့ ဟုန်ချီကုန်းတို့ နန်းတွင်းထဲဝင်ပြီး ရတနာ ၇ မျိုးဘဲသားဟင်းလျာကို ဝင်ခိုးစားတယ်ဆိုတာလေ။ နောက်ပိုင်း မင်မင်းဆက်ခေတ်ကို ရောက်လာချိန်မှာတော့ ပီကင်းဘဲကင်ဟာ တော်ဝင်ဟင်းလျာထဲမှာ မပါမဖြစ် အဓိက ဟင်းလျာပွဲတော်အုပ်တစ်ခု အနေနဲ့ ပါဝင်လာပါတယ်။ ပီကင်းဘဲကင်ကို အဓိကထားပြီး ရောင်းချတဲ့ ဆိုင်ကတော့ 便宜坊 ဖြန်ယိဖန်းဆိုတဲ့ စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။ ဖြန်ယိဖန်းကို ပေကျင်းမှာ ၁၄၁၆ ခုနစ်ကတည်းက စတင် တည်ထောင်ခဲ့ပြီး အဆိုပါ စားသောက်ဆိုင်ဟာ ယနေ့တိုင် မူလအရသာ မပျက်ပဲ ရောင်းချပေးနေတဲ့ ပီကင်းဘဲကင်တွေ ဆိုင်တွေထဲက နာမည်ကြီး တဆိုင်လဲ ဖြစ်တာကြောင့် ပေကျင်းရောက်ခဲ့ရင် သွားဆွဲလိုက်ကြအုံးဗျို့။

ချမ့်လုံဧကရာဇ်လက်ထက် ချင်းမင်းဆက် ခေတ်မှာတော့ နိုင်ငံတဝန်း ပျံနှံ့သွားပြီး လူကြိုက်အများဆုံး ဟင်းလျာဖြစ်လာပါတယ်။ ဖြန်ယိဖန်းလိုပဲ နောက်ထပ် နာမည်ကြီးတဲ့ ပီကင်းဘဲကင်ဆိုင်ကတော့ 全聚德 ချွမ်ကျွီသယ် ပဲ ဖြစ်ပါတယ်။ ချွမ်ကျွီသယ်ကို ၁၈၆၄ ခုနစ်မှာ ရန်ချွမ်ရန်က တည်ထောင်ခဲ့ပြီး အဆိုပါ စားသောက်ဆိုဟာလဲ အခုထိတိုင်အောင် ရှိနေတဲ့ ရှေးဟောင်းစားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။ အဆိုပါ စားသောက်ဆိုင် ၂ ဆိုင်လုံးဟာ တရုတ်ပြည်ရဲ့ ရှေးဟောင်းသမိုင်းဝင် စားသောက်ဆိုင် ၂ ခုဖြစ်ပြီး ဖြန်ယိဖန်းစားသောက်ဆိုင်ဟာဆိုရင် ပေကျင်းမြို့ရဲ့ အမှတ်အသားတစ်ခုလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

၂၀ ရာစုအစမှာတော့ ပီကင်းဘဲကင်ဟာ ကမ္ဘာတဝန်းကို နာမည်ကြီးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါကတော့ သမိုင်းဝင် အမေရိကန် သံအမတ် ကစ်ဆင်ဂျာနဲ့ ချူ အင်းလိုင် (တရုတ်နိုင်ငံ ဝန်ကြီးချူ ပ်) တို့ ၁၉၇၁ ဂျူ လိုင်လ ၁၀ ရက်နေ့၌ လျှို့ဝှက်တွေ့ဆုံခဲ့စဉ်က မနက်ခင်းပိုင်း ဆွေးနွေးပွဲအပြီးမှာ နေ့လည်ပိုင်းရောက်တော့ ပီကင်းဘဲကင်နဲ့ နေ့လယ်စာကို ကျွေးမွေးဧည့်ခံပါတယ်။ အဲ့ဒါမှာ ကစ်ဆင်ဂျာရဲ့ အကြိုက်ဆုံးဟင်းလျာဟာ ပီကင်းဘဲကင် ဖြစ်ခဲ့ပါတယ်တဲ့။ ၁၉၇၂ ခုနစ် အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင်ကို တရုတ်ပြည်ကို လာလည်ဖို့ ဖိတ်ခေါ်တုန်းကလဲ ပီကင်းဘဲကင်နဲ့ပဲ ကျွေးမွေးခဲ့ပြန်ပါတယ်။ ၁၉၇၅ ခုနစ် ချူ အင်းလိုင် သေဆုံးပြီးတဲ့အချိန်မှာ ကစ်ဆင်ဂျာဟာ နောက်တကြိမ် ပီကင်းဘဲကင်ကို စားသုံးဖို့ တရုတ်ပြည်ကို သက်သက်ကို လာလည်ခဲ့ပါသေးတယ်။ ချွမ်ကျွီသယ် စားသောက်ဆိုင်က ပီကင်းဘဲကင်အရသာကတော့ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကတ်စရို အကြိုက်ဆုံးပါပဲတဲ့။

ပီကင်ဘဲကင်ကို မြန်မာမှာ ကင်ရင်တော့ လွယ်မယ်မထင်ပါဘူး။ အကြောင်းက ပီကင်ဘဲကင် ကင်ဖို့အတွက် ဘဲအမျိုးအစားနဲ့လဲ ဆိုင်ပါသေးတယ်။ ပီကင်းဘဲကင်အတွက် လိုအပ်တဲ့ ပီကင်းဘဲ အကောင်တွေကိုတော့ နန်ကျင်း ပေကျင်းတို့မှာ ခြံများဖြင့် မွေးမြူ ထားကြပါတယ်။ ၄၅ ရက်လောက် ခြံထဲမှာ လွတ်လပ်စွာနေခွင့်ပေးပြီး ချက်ပြုတ်ချိန် ရောက်ဖို့ ရက် ၂၀ လောက် အလိုမှာတော့ တရက်ကို ၄ ကြိမ်ခန့် အစာကို အတင်းကျွေးရပါတယ်။
 (ဘဲကောင်လေးက ချစ်စရာလေး။ ကိုယ်တွေဆို သတ်မစားရက်ပါဘူး။ 😁😁 အဲ တစ်ပန်းကန်လုံး ပြောင်တော့မှ ဘဲလေးသနားပါတယ်တော့ မလုပ်နဲ့နော်။ 😛 ) အဲ့လို အစာကို မချက်ပြုတ်ခင် အတင်းထိုးသိပ်ကျွေးလို့ ပီကင်းဘဲကင်ကို အမည်ပြောင်အနေနဲ့ 北京填鸭 အစာသွပ်ထည့်ထားတဲ့ ဘဲကင်လို့လဲ ခေါ်ပါတယ်။

ပေကျင်းမြို့ရဲ့ နာမည်ကြီး ပီကင်းဘဲကင် စားသောက်ဆိုင်တွေကတော့ Quanjude (全聚德), Bianyi Fang (便宜坊), Changan Yihao (長安一號), Beijing Xiaowangfu (北京小王府) နဲ့ Dadong Kaoyadian (大董烤鴨店) တို့ပဲ ဖြစ်ပါတယ်။ ချွမ်ကျွီသယ်နဲ့ ဖြန်ယိဖန်းတို့ကတော့ ရှေးနှစ်ပေါင်း များစွာကတည်းက တည်ရှိလာတဲ့ စားသောက်ဆိုင်တွေဖြစ်တာကြောင့် လူကြိုက်ပိုများပါတယ်။ အရည်အသွေး အမြင့်ဆုံး စားသောက်ဆိုင် ၂ ဆိုင်အဖြစ် သတ်မှတ်ခဲ့ပြီး ချွမ်ကျွီသယ်ဟာဆိုရင် ၁၉၉၉ ခုနစ်မှာ ပေကျင်းမြို့ရဲ့ အမှတ်အသားတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

#SwamHtet(天下第一)

No comments:

Post a Comment