Popular Posts

Wednesday, 19 September 2012

မြန်မာ့နိုင်ငံရေးသမိုင်းမှတ်တမ်းများ-အပိုင်း(၂)

ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ!

 
မြန်မာပြည်မှရှိနေတဲ့ တိုင်းရင်းသားတိုင်းသိထားသင့်တဲ့ အရေးကြီးတဲ့မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပတ်သက်တဲ့အကြောင်း အရာလေးပါ၊  တဆင့်ကူးယူထားတာဖြစ်တာကြောင့် စာသားအကြောင်းအရာတွေက မူလစာရေးသူရဲ့အာဘော်သာ ဖြစ်ပါကြောင်း!
 
ကျွန်တော် တို့နိုင်ငံတော်ကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ လိုအပ်ကြောင်းကို ၁၉၄၈ခုနှစ် မတိုင်မီ ကနေ ဒီနေ့ အထိ လူတော်တော် များများက ရေးခဲ့ကြပြောခဲ့ကြသည်။
 
ဒါပေမယ့် ဒီနေ့အထိ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဆန့်ကျင်နေသူ၊ လက်မခံနိုင် သူတွေ တော်တော် များများ ရှိနေသေးတယ်။ ဒီလို လူတွေ အထဲမှာ အခြေ အနေ မှန်ကို မသိတဲ့၊ ရိုးသားတဲ့ မျိုးချစ် ပုဂ္ဂိုလ်တွေ လူငယ်တွေတော်တော် များများ ပါဝင်နေတယ်။ တိုင်းရင်းသားနိုင်ငံရေး ပါတီ အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် မဆက်ဆံဘူးတဲ့ ဗမာ လူငယ်တွေထဲမှာ ဒီလို အမြင် သဘောထားတွေ ရှိနေကြတယ်။

ဒီနေ့လိုနိုင်ငံရေး အခြေအနေ ဆိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကာလမှာတောင် ဒီလိုအမြင်မျိုးတွေ ရှိနေသေးတာဟာ အခြေ အနေဆိုးကို သက်တမ်း ရှည်အောင် အားပေးထောက်ကူနေသလိုဖြစ်နေလို့ ဒီအကြောင်းအရာကို ကျွန်တော်ထပ်ပြီးရေးရတာ ဖြစ်တယ်။ နားလည်ကျေညက်ပြီး သူတွေအနေနဲ့ ခွင့်လွှတ်သီးခံ စေချင်တယ်။

ဖက်ဒရယ်ပြည်ထောင်စု ဆိုတာ စစ်မှန်တဲ့ပြည်ထောင်စု (ဒါမှမဟုတ်) ပြည်နယ်ပေါင်းစုံ ပြည်ထောင်စုကို ခေါ်တာဖြစ်ပါတယ်။ ဖက်ဒရယ်(ဖက်ဒရေးရှင်း)ဆိုတာ ခွဲထွက်ရေး၊ ပြိုကွဲရေးမဟုတ်ဘူး။ ပူးပေါင်းခြင်း၊ စုပေါင်း ဖွဲ့စည်းခြင်းသာဖြစ်တယ်။ ဖက်ဒရယ်ကို ခွဲထွက်ရေး၊ ပြိုကွဲရေးလို့ လူတွေ ထင်မြင် သွားအောင် လုပ်ခဲ့တာက (၁၉၆၂)ခု မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းနဲ့ စစ်ခေါင်းဆောင်တွေဖြစ်တယ်။ ဗိုလ်ချုပ်နေဝင်းနဲ့ အာဏာ သိမ်းစစ်ဗိုလ်ချုပ် တွေဟာ ၄င်းတို့ အာဏာ သိမ်းတာကို အပြစ်မမြင် အကောင်း ထင်လာအောင်နဲ့ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက် ရေးကို တောင်းဆိုခဲ့ကြတဲ့ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေ အဖွဲ့ဝင်တွေ အပေါ် အဆိုးမြင် အပြစ်တင် လာအောင် ထွင်လိုက်တဲ့ သဘော တရား တစ်ခုပါ။ ဒါကို နားလည် ကြဖို့ လိုပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေ ဘက်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဘာကြောင့်တောင်းဆို ရတာလဲ။ ဒါကို ရိုးသားတဲ့ မျိုးချစ် ဗမာ လူငယ်တွေ သုံးသပ်နိုင်ဖို့ က အကျဉ်းချုပ် တင်ပြ လိုပါတယ်။

ကျွန်တော် တို့နိုင်ငံဟာ လူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့နိုင်ငံ၊ လူမျိုးပေါင်းစုံ ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်တယ်။ လူမျိုး ပေါင်းစုံဆိုပေမယ့် စစ်ခေါင်းဆောင်တွေပြေကြသလို လူမျိုး (၁၃၅) မျိုးဆိုတာတော့ မဟုတ်ဘူး။ ပြည်နယ် (၁ဝဝ)ကျော် တည်ဆောက်ဖို့ ဘယ်သူတွေ ဘယ်တုန်းက ပြောဆိုတာ မရှိခဲ့ဘူး။ (၈)ပြည်နယ်ကိုတည် ဆောက်ဖို့တောင်းဆို ခဲ့တာ ရှိတယ်။ ဘာ့ကြောင့် ဒီလိုတောင်းဆိုကြ ရတာလဲ။ (၁၉၄၇ခု) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာပြည်နယ် (၃) ခု ၊ဝိဒေသတိုင်း (၁) ခုနဲ့ ပြည်မဆိုပြီး ဖွဲ့စည်းခဲ့တယ်။ ဗမာတွေက ပြည်မကို ရယူထားပြီး ပြည်နယ်တွေ၊ ဝိဒေသတိုင်းတွေ ကိုပြည်မ အာဏာနဲ့ လွှမ်းမိုး ထားလိုက်တယ်။ ၁၉၇၄ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကတော့ ပြည်နယ် (၇)ခု၊ တိုင်း (၇) ခုနဲ့ ခွဲခြား ထားတယ်။ ဒါပေမယ့်ပြည်နယ်တွေ၊ တိုင်းတွေကို စီမံခန့်ခွဲ့ရေး အာဏာပေး ထားခြင်း မရှိဘူး။ နာမည် ခံလောက်ပဲ ရှိပြီး အာဏာ အားလုံးကို ဗဟို အစိုးရက ချုပ်ကိုင် ထားပြန်တယ်။ ဒီလို အတုအယောင်ပြည်ထောင်စုတွေနဲ့ တွေ့ကြုံခဲ့ ရတာများလို့ ပြည်ထောင်စု အစစ် အမှန်ကို ဖော်ဆောင်ပေးလာအောင် ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆိုရတာ ဖြစ်တယ်။

(၈)ပြည်နယ်နဲ့ ဖွဲ့စည်းဖို့ ဆိုတာက လူမျိုးကြီး (၈) မျိုးကို အခြေခံ တာဖြစ်တယ်။ ကျန်တဲ့ လူမျိုးစုတွေကို လျစ်လျူရှု ထားတာ မဟုတ်ဘူး။ သူတို့အတွက် သင့်တော်သလို အမျိုးသား ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ လူမျိုးစုဒေသ ဆိုပြီး သတ်မှတ်ကာ သင့်တော်တဲ့ အာဏာတွေ အခွင့်အရေးတွေပေးထား ရမှာဖြစ်ပါတယ်။ အထူးသဖြင့်လူမျိုးစု တစ်စုက ဝါးမျိုတာမျိုးမဖြစ်ရအောင် အာဏာတွေ အခွင့်အရေးတွေ ခွဲဝေပေးထားရမှာ ဖြစ်ပါတယ်။

ဒီလို ပုံစံ မျိုးနဲ့ ဖွဲ့စည်းဖို့ ဘာကြောင့် လိုအပ် သလဲဆိုရင်
၁။ မတူညီတဲ့ လက္ခဏာ ရပ်တွေနဲ့ သမိုင်းနောက်ခံ
၂။ သီးခြားစီ ရပ်တည်နေထိုင်နိုင်တဲ့ အခြေအနေ
၃။ တန်းတူ ညီမျှရေးမှ စုပေါင်း ညီညွတ်မှု ရှိစေရန်
ဒီအခြေခံ(၃) ခုကြောင့် ဖက်ဒရယ်ပြည်ထောင်စုမျိုး ဖွဲ့စည်းဖို့ လိုအပ်တာ ဖြစ်တယ်။ ဒီအခြေခံ (၃) ရပ်ကို ထပ်မံပြီး ရှင်းလင်းအောင်ပြောရမယ် ဆိုရင် ၊
၁။ မတူညီတဲ့ လက္ခဏာ ရပ်များနှင့် သမိုင်းနောက်ခံ
လူမျိုးစုကြီး (၈) မျိုးဆိုတဲ့ကြချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ ရခိုင်၊ ရှမ်း လူမျိုးစုတွေဟာ တစ်မျိုးနဲ့ တစ်မျိုး မတူညီတဲ့ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှုတွေနဲ့ သမိုင်းကြောင်းနောက်ခံတွေရှိနေကြတယ်။ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမတြွေ မတူညီတာကို ရှင်းဖို့ လိုမယ် မထင်လို့ မရှင်းတော့ ပါဘူး။ ဒီလူမျိုးစုတွေဟာ ဒီနိုင်ငံရဲ့ အစိတ် အပိုင်းတွေဖြစ်တဲ့ ဒီနေ့ သူတို့ အခြေပြုနေထိုင်နေကြတဲ့ နေရာဒေသတွေကို လွန်ခဲ့သော နှစ်ပေါင်း ထောင်ကျော်က ရောက်ရှိနေထိုင် ခဲ့ကြတာဖြစ်တယ်။ (၁၁)ရာစုမတိုင်မီ ကဆိုရင် အနောက်ဘက်မှာ ရခိုင်ပြည်၊ တောင်ဘက်မှာ မွန်ပြည်နယ်၊ အလယ်ပိုင်း အညာဒေသမှာ ဗမာပြည် ဆိုပြီး ထင်ထင် ရှားရှား ရှိနေခဲ့ကြတယ်။

အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်း ဘုရား ဗမာ ဘုရင်တွေ စစ်အင်အားကောင်းချိန်မှာ အခြားလူမျိုးတွေရဲ့ နိုင်ငံတွေကို တိုက်ခိုက်သိမ်ပိုက်ခဲ့တယ်။ ဒါပေမယ့် အမြဲတမ်း သိမ်းပိုက်ထား နိုင်တာမဟုတ်ဘူး။ နှစ်ဆယ်ရာအချို့မှာ သူ့ပြည်သူ့နိုင်ငံနဲ့သူ ဖြစ်ခဲ့ကြတာ သမိုင်းကို လေ့လာ သူတိုင်း သိကြပါတယ်။ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရှမ်း တွေဟာ သီးခြား သူ့နိုင်ငံသူ ဘုရင်တွေနဲ့ မဟုတ်ပေမယ့်၊ ဒူးဝါး၊ စော်ကဲ၊ စောဖြာ၊ စော်ဘွား၊ တောင်ပိုင်၊ တောင်အုပ် တွေနဲ့ ၄င်းတို့လူမျိုးကို ၄င်းတို့အကြီး အကဲတွေက အုပ်ချုပ်ခဲ့ကြတယ်။ ပဒေသရာဇ် ဘုရင်ခေတ်တွေမှာ လက်အောက်ခံဘဝ ရောက်ခဲ့ရင်တောင် ဘဏ္ဍာဆက်နိုင်၊ လိုအပ်လာရင်စစ်သား ပို့ပေးနိုင်ရင်ပြီးတာပဲ၊ လက်တွေ့ အရသူ့လူမျိုး နဲ့သူ အုပ်ချုပ် ခဲ့ကြတာ ခေတ် အဆက်ဆက် ကပါ။

ရှမ်းတွေက တစ်ခါ တစ်ရံမှာ ဘုရင်တွေနဲ့ သီးခြားနိုင်ငံဖြစ်ခဲ့ဘူတယ်။ ကရင်နီတွေ ကတော့ (၁၈၇၅) ခုနှစ်မှာ မင်းတုန်းမင်းရဲ့ ကိုယ်စားလှယ် ကင်းဝန်မင်းကြီးနဲ့ အင်္ဂလိပ်အ စိုးရရဲ့ကိုယ်စားလှယ် ဆာဒေါက် ကလပ်ဖေါဆစ်တို့ သဘောတူလက်မှတ်ရေးထိုးပြီး သီးခြားနိုင်ငံ တစ်ခုအဖြစ်နဲ့ ရှိလာခဲ့တာ (၁၉၄၇)ခုနှစ်အထိဖြစ်တယ်။ ဒီလိုသမိုင်း နောက်ခံ အခိုင်အမာရှိလာခဲ့တာကို ပစ် ပယ်မေ့ပျောက်ထားလို့ မရပါဘူး။ အင်္ဂလိပ်တွေ အုပ်စိုးခဲ့တဲ့ ကာလမှာ တောင်တန်းဒေသနဲ့မြန်မာပြည်မ ဆိုပြီး သီးခြား စီဖြစ်နေကြတယ်။

ဒီလို တစ်သီး တစ်ခြားစီ နှစ်ပေါင်းကြာရှည်စွာ ရှိခဲ့တာကို ပေါင်းစပ် စုစည်းဖို့ ရှေးလူကြီးတွေရဲ့ သဘောထား တွေနဲ့ ကတိ စကားတွေကိုလည်း ပြန်လည်လေ့လာဖို့လိုပါတယ်။ ၁၉၄၆ခု၊ဇန်နဝါရီလ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံမှာကျင်းပတဲ့ (ဖဆပလ)ရဲ့ ပထမအကြိမ်ပြည်လုံးကျွတ်ညီလာခံမှာ လွတ်လပ်တဲ့ ဗမာပြည်သစ်ကို တည်ထောင်ရာမှာ မည်သည့်တိုင်းရင်းသားလူမျိုးစုကိုမဆို ကိုယ့်ကံကြမ္မာကိုယ်ဖန်တီး ခွင့်ပေးမယ်၊ ခွဲထွက်လိုတဲ့ အခါခွဲထွက်ခွင့်ပေးမယ်လို့ချမှတ်ထားတာရှိပါတယ်။ ၁၉၄၆ခု မတ်လပထမ ပင်လုံအစည်းအဝေးမှာ (ဖဆပလ) ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့တဲ့ ဦးနုနဲ့ဦးဘဂျမ်းတို့က ဒီစကားကို ထပ်မံထုတ်ဖေါ်ပြောဆိုပြီး တိုင်းရင်းသားအားလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့ကြတယ်။ ၁၉၄၇ခု၊ ဖေဖေါ်ဝါရီလ (၁ဝ) ရက်နေ့ ပင်လုံညီလာခံ မှာ ဗိုလ်ချုပ်အောင်ဆန်းက ဗမာတွေဗြိတိသျှကျွန်မဖြစ်ချင်သလို တောင်တန်းသားတွေကိုလည်း ဗြိတိသျှကျွန်မဖြစ် စေလိုကြောင်း၊ ထို့အတူတောင်တန်း သားတွေကို ဗမာကျွန်မဖြစ်စေရဘူး၊ဆိုပြီးပဋိညာဉ်အဖြစ်နဲ့ ကတိ ကဝတ်ပြုပြောဆိုခဲ့တာရှိပါတယ်။ ဒီလိုကတိကဝတ်တွေ နားလည် မှုတွေနဲ့ ပင်လုံစာချုပ်ဆိုတဲ့ သဘောတူ ညီမှု ရှိခဲ့တာကို ဒီနေ့ဗမာတွေ မေ့ပျောက် မထားကြဖို့လိုပါတယ်။

ပင်လုံ စာချုပ် အခြေခံ သဘောထားကတော့၊
၁။ ပြည်ထောင်စု အရ ပူးပေါင်းခြင်း။
၂။ အခွင့်အရေးနဲ့ အဆင့် အတန်း တူညီရေး။
၃။ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရေး။
၎။ ခွဲထွက် လိုပါက ခွဲထွက်ခွင့် ရှိရေးဆိုတဲ့ အခြေခံ သဘောထား (၄) ရပ်ရှိပါတယ်။ ဒီအခြေခံ မူတွေနဲ့ စုစည်းပြီး လွတ်လပ်ရေးကို အတူတကွ ရယူဖို့ တောင်းဆိုခဲ့ကြတာဖြစ်တယ်။ ဟိုတုန်းက ဒီလိုသာ သဘောထား မရှိခဲ့ရင် မြန်မာပြည်လို့ခေါ်တဲ့ ကျွန်တော်တို့ပြည်ထောင်စုရဲ့နယ်နိမိတ်ဟာ ဒီနေ့လို အနေအထားမျိုး ဖြစ်လာလိမ့်မှာ မဟုတ်ဘူး။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံ ခံရပြီး တဲ့နောက်မှာ လက်တွေ့ အကောင် အထည်ဖော်တဲ့ (၁၉၄၇) ခု နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အထက်ပါ သဘောထားတွေ ပျောက်ကွယ်နေတာတွေ့ရတယ်။

ပုံသဏ္ဍာန်အရ ပြည်ထောင်စု အသွင်ပေါက်ပေမယ့် ပြည်မဖြစ်တဲ့ ဗမာတွေက ပြည်နယ်တွေဖြစ်တဲ့ တိုင်းရင်းသား လူမျိုးတွေအပေါ်မှာ လွမ်းမိုး ချုပ်ကိုင် ထားလို့ အနှစ်သာရအရ တပြည်ထောင် စနစ်ဖြစ်နေတယ်။ ဒီဖွဲ့စည်းပုံကို ဒိုင်ခံရေးသားခဲ့သူ ဦးချန်ထွန်း ကိုယ်တိုင် ဝန်ခံခဲ့ပြီးဖြစ်သည်။ ဒီဖွဲ့စည်းပုံကို အခြေခံ ဥပဒေမှာ အားနည်းချက်တွေ ရှိခဲ့ပေမယ့် ပြည်ထောင်စုက နေခွဲထွက်ဖို့ ဘယ်ပြည်နယ်ကမျ တောင်းဆိုခဲ့ခြင်းမရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံငယ်လေးနဲ့ရပ်တည်ဖို့ဆိုတာ အန္တရယ်ကြီးမား ကြောင်း အားလုံးကနားလည်ကြ ပါတယ်။
(၁၉၄၇) ခုဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကရင်၊ မွန်နှင့်ရခိုင်တွေ ဘာအခွင့်အရေးမှ မရခဲ့ကြပါဘူး။ ဒါကို မကျေနပ်ပြီးတောင်းဆိုကြရာက အကြမ်းနည်းနဲ့ဖြေရှင်းလို့ တိုင်းရင်းသားတွေရဲ့ တော်လှန်ပုန်ကန်မှု စတင်ဖြစ် လာခဲ့ရတယ်။ ဒီလိုပွဲကြမ်းပြီးမှ (၁၉၅၁) ခုနှစ်မှာ ကရင်ပြည်နယ်ကိုဖော်ထုတ်ပေးခဲ့တယ်။ ဒါပေမယ့်မြေပြန့်နဲ့ ကမ်းရိုးတန်းမှာရှိတဲ့ မွန်နဲ့ ရခိုင်တွေကိုတော့ အခွင့်အရေး မပေးပဲ ဗမာ စာရင်း သွပ်သွင်းပြီး ဖုံးကွယ် ဝါးမျိုခဲ့ကြတယ်။
 
၂။ ။သီးခြား စီရပ် တည်နေထို င်နိုင်တဲ့ အခြေအနေ
လူမျိုး စုကြီး (၈) မျိုးထဲမှာ ဗမာက လွဲရင် ကျန်တဲ့ လူမျိုးတွေဟာ နိုင်ငံတော်ရဲ့ နယ်စပ်မျဉ်း တစ်လျှောက်မှာ သူ့နေရာနဲ့သူ စီတန်းပြီး ရှိနေကြတယ်။ သူတို့မှာ သီးခြား ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေ ရှိနေကြတယ်။
 
လက်ရှိ မိမိတို့ရဲ့ အခြေပြုတဲ့ဒေသတွေမှာ နှစ်ပေါင်း ရာထောင်ချီပြီး အခြေချနေ ထိုင် လာခဲ့ကြတယ်။ ၄င်းတို့မှာ လူဦးရေ အရလည်း တော်တော်များများနဲ့ စုစုစည်းစည်း ရှိနေကြတယ်။ ဒေသတွင်း စီးပွားရေး အခြေခံနဲ့ ရပ်တည်နိုင် တဲ့အနေအထားရှိတယ်။ မိမိတို့အမျိုးသား ကံကြမ္မာကို ဖန်တီးခွင့် ရဖို့ ပြင်းထန်တဲ့ဆန္ဒနဲ့ နှစ်ပေါင်းများစွာ ရုန်းကန် လှုပ်ရှားခဲ့ကြတယ်။ ဒါတွေဟာ အမျိုးသား အလိုက် သီးခြား ရပ်တည်နေထိုင်နိုင်တဲ့ အခြေခံ လက္ခဏာတွေဖြစ်တယ်။ ဒီလောက် ထင်ထင်ရှားရှား ခိုင်ခိုင်မာမာ ရှိနေတာကို မျက်ကွယ်ပြုပြီး နည်းပေါင်းစုံနဲ့ ဖိနှိပ်ကာ ဗမာဖြစ်သွားအောင် ဝါးမျိုဖျောက်ဖျက် တာကို လူမျိုးစုများ လက်သင့်ခံကြမှာဟုတ်ဘူး။

၃။ ။တန်းတူညီမျှရေးမှ စုစည်း ညီညွတ်မှု ရှိစေရန်
လူသားတွေဟာ သဘာဝအရ စုစည်း ညီညွတ်မှုကို လိုလားကြတယ်။ စုစည်း ညီညွတ်မှလည်း အင်အားရှိ မယ်။ အင်အားရှိမှလည်း သဘာဝအန္တရယ် ပြင်ပကရန်ပြုလာတဲ့အန္တရာယ်ကို ကာကွယ် ခုခံနိုင်မှာဖြစ်တယ်။ စုစည်း ညီညွတ်မှုရှိမှလည်း အေးချမ်းပြီး တိုးတက်တဲ့ ဘဝကိုရရှိနိုင်မှာဖြစ်တယ်။ ဒါကြောင့် စုစည်းညီညွတ်မှုကို လူတိုင်း လိုလားတာဖြစ်တယ်။ ဒီစုစည်း ညီညွတ်မှုကို တည်ဆောက်နိုင်ဖို့ အတွက် အခြေခံ လိုအပ်ချက် ကတော့ တန်းတူညီ မျှမှုရှိရေးဖြစ်တယ်။ မရှိအတူ၊ရှိအတူ အေးအတူ ပူအမျှ အခွင့်အရေးနဲ့ အခွင့် အာဏာတွေ ညီမျှဖို့လိုတယ်။ လူတစ်ဦးချင်း အရရော လူတစ်စုချင်း၊ လူတစ်မျိုးချင်း၊ တစ်ဘာသာချင်း ကအစ အခွင့်အရေး ညီမျှဖို့လိုတယ်။ သမိုင်း မှာ လူမျိုး၊ ကိုကွယ်ရာ ဘာသာ၊ အသားရောင်ဇာတ်နိမ့်၊ ဇာတ်မြင့်အပေါ် အခြေခံပြီး အခွင့်အရေးနဲ့ အခွင့်အာဏာတွေ ခွဲခြားခဲ့ခြင်းရှိလို့ စစ်ပွဲတွေ၊ လူသတ်ပွဲတွေဖြစ်ခဲ့ကြတာများပြီး။ ဒါတွေကို သင်ခန်းစာ ယူပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်အောင် တည်ဆောက်နေတဲ့ ကာလမှာ မိမိလူမျိုးအတွက် အခွင့်အရေး အာဏာပိုယူ ထားတာဟာ မှားယွင်းတဲ့ သဘောထား မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်။ မိမိပုဂ္ဂိုလ်အကျိုး၊ အုပ်စုအကျိုး၊လူမျိုးအကျိုး၊ ဘာသာအကျိုးကိုသာ ဦးစားပေးတတ်တဲ့ လူတွေဟာ လူအများကို စုစည်းလို့မရနိုင်ပါ။

၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တိုင်းရင်းသား လူမျိုးစုအချို့ကို အခွင့်အရေးဘာမျှမပေး၊ လူမျိုးစု အချို့ကို ပြည်နယ်တွေပေးထားပေမယ့် ဗမာတွေ လွှမ်းမိုးတဲ့ပြည်မအောက်မှာ ထားရှိခဲ့ တာကြောင့် အာဏာနဲ့ အခွင့် အရေး တန်းတူ ညီမျှစေရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းဖို့တောင်းဆို လှုပ်ရှားခဲ့ တာဖြစ်တယ်။ ဒီလိုတောင်းဆိုတာကို ခွဲထွက်ရေးလို့ တံဆိပ် ကပ်ပြီး စစ်တပ်က အာဏာ သိမ်းခဲ့တယ်။ ပြီးတော့ တစ်ပါတီ အာဏာရှင် စနစ်နဲ့ အုပ်ချုပ်ခဲ့တယ်။ စစ်တပ်ကိုပိုမိုတိုးချဲ့ပြီး လက်နက် ကိုင်တော်လှန်ရေး အင်အားစုတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်။ တိုင်းရင်းသားပြည်နယ်တွေရဲ့ အခွင့် အာဏာတွေကို ထပ်မံပြီးလျှော့ချကာ ကွပ်ကဲရေး အဖွဲ့မှာ စစ်ဗိုလ်တွေကို ထည့်သွင်း ချုပ်ကိုင်စေခဲ့တယ်။ ဒီလိုလုပ်တော့ ပြည်တွင်း စစ်မီးဟာ ချုပ်ငြိမ်း မသွားဘဲ ပိုမိုကြီး ထွားကျယ်ပြန့်လာခဲ့တယ်။ တိုင်းရင်းသား လူမျိုးစုံတို့က လက်နက်ကိုင်တော်လှန်လာကြတယ်။ အာဏာသိမ်း စစ်အစိုးရကလည်း စစ်ဆင်ရေးမှာ ပိုမိုထိရောက်အောင်မြင်စေဖို့ သူပုန်တွေကို အထောက်အကူဖြစ်စေနိုင်တယ်လို့ ယူဆရတဲ့လူထုကို ဖမ်းဆီး သတ်ဖြတ်မောင်းထုတ် မုဒိမ်းကျင့်တာတွေ များလာတယ်။ တစ်ဖက်မှာ စစ်ဆင်ရေးကို အထောက် အကူဖြစ်စေဖို့ လူထုကို လိုက်လံ ဖမ်းဆီးပြီး အထမ်း သမားအဖြစ်၊ ဗုံးရှင်း ကိရိယာအဖြစ် အသုံးပြုခဲ့ကြ တယ်။

အဲဒီအချိန် ကစပြီး လူ့အခွင့်အရေး ချိုးဖောက် မှုတွေဟာ နေရာဒေသ အနှံ့အပြား မှာဖြစ်ပေါ်လာတော့တယ်။ ပြည်သူတွေဟာ စစ်အုပ်ချုပ်ရေးရဲ့ ခါးသီးတဲ့ အရသာကို စတင် ခံစား နားလည် လာကြတယ်။ စစ်တပ်ဟာ လူထုပိုင် ပစ္စည်းတွေကို ပြည်သူပိုင် လို့ကြွေးကြော်ပြီး သိမ်းယူခဲ့တယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေကိုလည်း စစ်ရေးမှာ ပိုပြီး သုံးစွဲလာခဲ့တယ်။ ဒီလိုနဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏတွေဟာ နိမ့်ကျလာပြီး နောက်ဆုံးတော့ လူစဉ်မမီတဲ့ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်ကိုရောက်ခဲ့ရတယ်။ ဒီအကျိုးဆက်တွေကြောင့် ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ သံဃာတော်တွေမခံမရပ်နိုင်ဖြစ်ကြပြီး အုံကြွပေါက်ကွဲမှုတွေ ဖြစ်လာခဲ့ရတယ်။ အခုတော့ ဗမာအမျိုသားပြည်သူတွေ လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် လွတ်လပ်ရေးရဲ့ အရသာကို မခံစားကြရဘူး။ တိုင်းရင်း သားလူမျိုးစုတွေလိုပဲ ကျေးကျွန်တွေဖြစ်နေရပြီး။ တကယ်တော့ ဗမာလူထုတွေရဲ့နစ်နာဆုံးရှုံးမှုတွေဟာ စစ်ဖြစ်နေ တဲ့နယ်စပ်နဲ့ တောနယ်ဒေသက တိုင်းရင်းသားပြည်သူတွေရဲ့ဘဝထက် အများကြီးသာပါသေးတယ်။ တိုင်းရင်းသား ဒေသကပြည်သူတွေဟာ သူများနိုင်ငံကိုမှီခိုနေရတဲ့ စစ်ပြေးဒုက္ခသည်ဘဝ၊ တောတောင်တွေကြားမှာ ပြေးလွှား ပုန်းအောင်းနေရတဲ့ (IDP) ဒုက္ခသည်ဘဝကို သိန်းပေါင်းများစွာ ရောက်ရှိနေကြရတယ်။

ဒီလိုဘဝဆိုးတွေက အမြန်လွှတ်မြောက်ပြီး အေးအေးချမ်းချမ်း စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ် နေထိုင်နိုင်ဖို့ လိုပါလိမ့်မယ်။ ရှေ့ဆောင်သူတွေ အနေနဲ့ တိုင်းရင်းသားတွေရဲ့ မျိုးချစ် စိတ်ဓါတ်ကို သိသာဖို့လိုပါတယ်။
နိုင်ငံခြားက အထောက်အပံ့တွေ မရပေမယ့်လည်း အနှစ် (၆ဝ) တိုင်တိုင် လက်နက်ကိုင်ပြီး တော်လှန် ရပ်တည်နေနိုင် တာဟာသက်သေပါပဲ။ ဗမာမျိုးချစ်တွေအနေနဲ့ အင်္ဂလိပ်၊ ဂျပန်တွေရဲ့ ကျွန်ဘဝကိုရောက်ခဲ့ရစဉ်က ခံစားခဲ့ရ နာကျည်းခဲ့ရတာမျိုးလိုပဲ ဒီနေ့ တိုင်းရင်းသားတွေ ဘက်က နာကျည်းနေရပါတယ်။ အာဏာရယူသူတွေဟာ ဗမာ စကား၊ ဗမာစာပေ၊ ဗမာယဉ်ကျေးမှုတွေကို ချည်း အစွမ်းကုန်မြင့်တင်ပေးနေပြီး ကျန်တိုင်းရင်း သားတွေကိုတော့ အသိအမှတ်ပြုခြင်း၊ နေရာပေးခြင်း ၊လွတ်လပ်ခွင့်ပေးခြင်းတွေ မရှိခဲ့ဘူး။ ဒါတွေဟာ လူမျိုးရေးအရ ဝါးမျိုနေတာ ဖြစ်တယ်။ ပြည်တွင်း စစ်ရပ်စဲပြီး အမျိုးသား စည်းလုံး ညီညွတ်ရေးကို တည်ဆောက်ချင်ရင် ဒီလုပ်ရပ်တွေ ကိုပြုပြင် ပေးဖို့ ဗမာတွေရဲ့ တာဝန်သာဖြစ်တယ်။ ပြုပြင်ပေးနိုင်မှ လွတ်လပ်ရေးရဲ့ အရသာကို ဗမာ လူမျိုးပြည်သူ အများစုက ခံစားခွင့်ရှိနိုင်ပါလိမ့်မယ်။

ဒီနေ့ ဗမာ လူမျိုးပြည်သူတွေ အခက်အခဲ အကြပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရသလို တိုင်းရင်းသား လူမျိုးပေါင်းစုံတွေကလည်း အညီအမျှခံစားနေရတယ်။ ဒါတွေအပြင် တိုင်း ရင်းသားတွေဟာ လူမျိုးရေးအရ ဝါးမျိုမြို အခြေပြုနယ်မြေထဲက နည်းပေါင်းစုံနဲ့မောင်းထုတ် ခံနေရမှုတွေ ရှိနေတယ်။ ဒီအခြေအနေဆိုးတွေကို ပြောင်းလဲ ပြုပြင်ဖို့ ဒီမိုကရေစီ အခွင့်အရေး တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ တိုင်းရင်းသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ တန်းတူခွင့် တွေကို အသိအမှတ်ပြုဖို့လိုပါတယ်။ ဆွစ်ဇာလန်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံတွေကိုလေ့လာကြည့်ပါ။ နိုင်ငံငယ်၊ လူဦးရေ နည်းနည်းလေးနဲ့ သူတို့နိုင်ငံထဲမှာ စကား၊စာပေ (၄) မျိုးကို ရုံးသုံး ဘာသာအဖြစ် အသိအမှတ်ပြုပြဌာန်း ထားတယ်။ ဒါကြောင့် သူတို့မှာ လူမျိုးရေးအရပြသနာမရှိဘူး။ ညီညွတ်တယ်၊ အေးချမ်းတယ်၊ တိုးတက်တယ်။

ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အခြေအနေ ဆိုးတွေက အမြန်လွတ်မြောက်ပြီးငြိမ်းချမ်း သာယာ တိုးတက်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်ဖို့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ ပူးတွဲ ပေါင်းစည်းကြဖို့ လိုနေပါတယ်။ ဒီလို ပူးတွဲပေါင်း စည်းကြရာမှာ ခိုင်မြဲတဲ့ စုစည်းညီညွတ်မှု တစ်ရပ်ဖြစ်လာ နိုင်ဖို့အတွက် တစ်ချိန်ကဗိုလ်ချုပ်အောင်ဆန်းလို ရိုးသားဖြောင့်မတ်ပြီး ပွင့်လင်းတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေ လိုအပ်နေပါတယ်။ တကယ်တော့ ဒီမိုကရေစီ အခွင့်အရေးကို တိုင်းရင်းသားတွေ ဘက်က ဗမာတွေနဲ့ထပ်တူ လိုလားနေတာပါ။

ဒါပေမယ့်ဒီမိုကရေစီတစ်ခုတည်းနဲ့ပဲရပ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ကျော ခိုင်းနေမယ်ဆိုရင် တိုင်းရင်းသားတွေ အတွက် ကျွန်ဘဝမှာ ဆက်ပြီး နစ်မွန်းနေရမှာမို့ ဒီမိုကရေစီ အင်အားစုတွေနဲ့ အပြည့်အဝ လက်တွဲချင်မှာမဟုတ်ဘူး။ ဒီတော့ ပူးတွဲပေါင်းစည်းရေးဟာ ခိုင်မာ အားကောင်းနိုင်မှာ မဟုတ်ဘူး။ ဒီလို သာဖြစ်နေရင် တိုင်းပြည်က ရင်ဆိုင်နေရတဲ့ ဆင်းရဲကြပ်တည်းမှု အနေအထားဟာ ဆက်ပြီးကြာရှည်နေပါလိမ့် မယ်။

ဒါကြောင့် ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့လိုပါတယ်။ ဒီလိုရယူနိုင်ဖို့ ဒီမိုကရေ စီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစုတို့ပူးတွဲပေါင်းစည်းပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး လမ်းစဉ်ကိုချမှတ်ဖို့ လိုအပ်နေပါကြောင်း စေတနာကောင်းနှင့် တင်ပြလိုက်ပါတယ်။

Ref: ရွှေဟင်္သာ-Thursday, 10 June 2010 16:31

Myanmar Politics and Federal


မြန်မာနိုင်င်ငံပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသာားလူမျိုးများ ငြိမ်းချမ်းရေးလမ်းခရီး

 



No comments:

Post a Comment