Popular Posts

Saturday, 21 May 2011

သဘောမျှသူချင်း လက်တွဲ အုပ်စုတွေ ဖွာလန်ကြဲနေတဲ့ ယနေ့ကမ္ဘာထဲက

  နိုင်ငံတစ်နိုင်ငံ
ဖွံ့ဖြိုးတိုးတက်ရန်အတွက် လက်တွေ့အလုပ်နှင့် သက်သေပြရမည်။

BRICs
နိုင်ငံများသည် လွယ်လင့်တကူဖွံ့ဖြိုးလာခြင်း၊ နိုင်ငံတကာက လွယ်လင့်တကူ အသိအမှတ်
ပြုလာရခြင်း စသည်များ ကိုခပ်လွယ်လွယ်နှင့် ရပိုင်လာကြခြင်း မဟုတ်ကြောင်း
ခိုင်လုံသော သက်သေအထောက်အထားများ ရှိနေပါ၏။

BRIC သည် အဖွဲ့တစ်ခု၏
အတိုကောက်အမည် ဖြစ်သည်။

BRIC အက္ခရာလေးလုံးမှ-

B အက္ခရာသည် ဘရာဇီး
နိုင်ငံ။

R အက္ခရာသည် ရုရှား နိုင်ငံ။

I အက္ခရာသည် အိန္ဒိယ
နိုင်ငံ။

C စာလုံးသည် တရုတ် နိုင်ငံ။

အဆိုပါ နိုင်ငံ အားလုံးသည်
ပုံသဏ္ဌာန်တူ၊ အဆင့်တူသာမက အချိန်ကာလ တစ်ခု၌ စီးပွားရေး ဖွံ့ဖြိုးနေမှုလည်း တူကာ
ဖွံ့ဖြိုးသော စီးပွားရေး၏ အသီးအပွင့်ကို လေးနိုင်ငံလုံးက တစ်ပြိုင်တည်း
ပိုင်ဆိုင်လာခဲ့ကြသည်။

ထို့ကြောင့် ယင်းလေးနိုင်ငံကို BRIC
အဖွဲ့ဝင်နိုင်ငံများ BRIC အဖွဲ့ဝင်နိုင်ငံများဟုခေါ်ကာ BRIC ၏နောက်၌ S အသေးကို
ထပ်ပေါင်း၍ BRICs အဖွဲ့ဟု ခေါ်ကြသည်။ အချို့ကလည်း BRIC နိုင်ငံများဟု
အလွယ်သုံးနှုန်းကြသည်။

တစ်ခါတရံ အင်အားကြီးလေးနိုင်ငံ Big Four ဟူသော
အသုံးအနှုန်းလည်း သုံးကြသည်။

အထက်ပါ အဖွဲ့အမည် စကားလုံးအသုံးနှင့် ပတ်သက်၍
ရှည်ဝေးစွာ ဖော်ပြရသည်မှာ အကြောင်းရှိပါ၏။ မကြာလှသော ကာလ၌ ယင်းအသုံးအနှုန်းသည်
ပြောင်းလဲသွားနိုင်သည်။ ထပ်မံ ဖြည့်စွက်ရမည့် အခြေအနေများက ပေါ်ပေါက်လာခြင်းကြောင့်
ဖြစ်သည်။

BRIC နိုင်ငံများဆိုသည့် အသုံးအနှုန်းကို စတင်အသုံးပြုခဲ့ သူကား
ယင်းလေးနိုင်ငံမှ မဟုတ်ဘဲ ဗြိတိန်နိုင်ငံဖွား စီးပွားရေး ပညာရှင် ဂုရုဟု အမည်ပေး
ခံရသည့် Goldman Sachs ဘဏ္ဍာရေး လုပ်ငန်း၏ ဥက္ကဋ္ဌဖြစ်သူ Jim O'Neill က
စသုံးခဲ့ခြင်းဖြစ်သည်။

Jim O'Neill သည် ၂ဝဝ၁ ခုနှစ်က ကမ္ဘာ့စီးပွားရေး
ပိုမိုကောင်း မွန်လာစေရန် တည်ဆောက်နေသည့် Building Better Global Economic BRICs
ခေါင်းစဉ်ဖြင့် ဆောင်းပါး စတင်ရေး သားခဲ့သည်။

ထိုကာလ နောက်ပိုင်းမှစ၍ BRIC
ဆိုသည့် လေးနိုင်ငံနှင့် ပတ်သက်သည့်သတင်းများကို သတင်းမျက်နှာစာ၌ သုံးစွဲ
လာခဲ့ကြသည်။ အခြားရှုထောင့် တစ်ခုမှကြည့်လျှင် ဖွံ့ဖြိုးပြီး နိုင်ငံများ G-7, G-8
အုပ်စု၏ ဆန့်ကျင်ဘက်အုပ်စု။ သူတို့နှင့် ကင်းလွတ်သော စီးပွားဖွံ့ဖြိုးနေသည့်
နိုင်ငံများရှိသည့် အဓိပ္ပာယ်လည်း သက်ရောက်ပါ၏။

၂ဝဝ၅ ခုနှစ်ဝန်းကျင်၌
ထွက်ပေါ်လာသော သုတေသနနှင့် သရုပ်ခွဲ စာတမ်းများအရ မက္ကဆီကိုနှင့် တောင်ကိုရီးယား
နိုင်ငံများကိုလည်း BRIC နိုင်ငံများနှင့် ယှဉ်တွဲကာ လေ့လာခဲ့ကြသည်။
အဘယ့်ကြောင့်ဆိုသော် အဆိုပါ နှစ်နိုင်ငံသည် အချိန် အတန်ကြာကတည်းက ဖွံ့ဖြိုးပြီးသည့်
နိုင်ငံများ အဆင့်ကို ရောက် နေခဲ့၍ဖြစ်သည်။ ယင်းနှစ်နိုင်ငံလုံးသည် စီးပွားရေး
ပူးပေါင်းဆောင်ရွက်သည့် OECD အဖွဲ့တစ်ခု၏ အဖွဲ့ဝင်နိုင်ငံများ ဖြစ်နေကြသည်။


အမေရိကန်နိုင်ငံ၏ ပဉ္စမမြောက် အကြီးမားဆုံး ဘဏ်ကြီး တစ်ခုဖြစ်သည့် Goldman
Sachs က ယင်း BRIC လေးနိုင်ငံ တို့သည် ရုတ်ခြည်းဖွံ့ဖြိုးသော နိုင်ငံများ
ဖြစ်လာကြသည်။

၂ဝ၅ဝ ခုနှစ်ကာလ၌ သူတို့လေး  ၂ဝ၅ဝ ခုနှစ်ကာလ၌ သူတို့လေး
နိုင်ငံ၏ စီးပွားရေးကို ပူးပေါင်းနိုင်ခဲ့ပါက ယနေ့ကမ္ဘာပေါ်တွင် အချမ်းသာ
ဆုံးသောနိုင်ငံများနှင့် ပခုံးချင်း ယှဉ်နိုင်တော့မည်။ ယခုလောလောဆယ်၌
ယင်းလေးနိုင်ငံ၏ ပိုင်ဆိုင်မှုများကို စုစည်းလိုက်မည် ဆိုပါလျှင် ကမ္ဘာတစ်ခု
လုံးပိုင်ဆိုင်မှုဓန၏ လေးပုံတစ်ပုံရှိကာ ယင်းနိုင်ငံများ၏ လူဦးရေသည် ကမ္ဘာ့ လူဦးရေ၏
၎ဝ ရာ ခိုင်နှုန်းအထက်သို့ ရောက်နေသည်ဟု ဆိုခဲ့သည်။

BRIC နိုင်ငံများ၏
နိုင်ငံရေး မဟာမိတ်မှာ ဥရောပ သမဂ္ဂ EU အဖွဲ့ဖြစ်သည်။ ယင်းနိုင်ငံ လေးနိုင်ငံနှင့်
ပုံမှန်ကုန်သွယ်နေသော နိုင်ငံများမှာ အရှေ့တောင်အာရှမှ BRIC နိုင်ငံများဖြစ်၏။


ယင်းအချက်များကို အခြေခံ ထား၍ BRIC နိုင်ငံများ၏ ရှေ့လှမ်းမည့်
ခြေလှမ်းများကို ကြိုတင်ခန့်မှန်း ကြရပါမည်။ မကြာလှသော ကာလ၌ BRIC နိုင်ငံများသည်
နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မည့် ခြေလှမ်းသစ်များ လှမ်းကြတော့မည်က သေချာနေသည်။
တိကျစွာ ဆိုရပါလျှင် အမေရိကန် နိုင်ငံ၏ လွှမ်းမိုးမှု အရိပ်အောက်မှ လွတ်ကင်းရာ
အရပ်သို့ ဦးတည်နေသည်။ အထူးသဖြင့် ကုန်သွယ်မှု၌လည်း အမေရိကန်နိုင်ငံနှင့် မည်သို့မျှ
ပတ်သက်ဆက်နွယ်မှု မရှိသည့် အခြေအနေသို့ရောက်စေရန် ဖြစ်သည်ဟု လေ့လာသူများက
သုံးသပ်ကြသည်။

BRIC နှင့် နိုင်ငံရေးအိပ်မက်

BRIC
နိုင်ငံများအနေနှင့် သူတို့ ကိုယ်သူတို့ နားလည်သဘောပေါက် ထားကြသည့်အချက်မှာ ဘရာဇီး၊
ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများ အနေဖြင့် ယခုလောလောဆယ် ကိုင်စွဲ
ကျင့်သုံးနေသော နိုင်ငံရေး စနစ်မှ မဖြစ်မနေ ပြောင်းလဲပစ်ကြရမည်။ BRIC နိုင်ငံများ
လက်ကိုင်ပြုကာ ရင်ဝယ် ပိုက်ထားရမည့် နိုင်ငံရေးစနစ်မှာ ကမ္ဘာ့ အရင်းရှင်
စနစ်ဖြစ်သည်ဟု ခန့်မှန်းကြ၏။

Goldman Sachs အဖွဲ့က
ဤသို့ဟောကိန်းထုတ်နိုင်ရန် ထို့လေးနိုင်ငံကို သီးခြားခွဲကာ လေ့လာခဲ့သည်။


တရုတ်နှင့် အိန္ဒိယ
ယင်းနှစ်နိုင်ငံ အနေနှင့် မလွဲမသွေ ဖြစ်လာမည့်
ပုံသဏ္ဌာန်မှာ ထုတ်လုပ်သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကို
ကမ္ဘာတစ်ခုလုံးသို့ ဖြန့်ဖြူးပေးသည့် လုပ်ငန်းမှန်သမျှကို
ချုပ်ကိုင်ရန်ဖြစ်၏။

ရုရှားနှင့် ဘရာဇီး
ဤနှစ်နိုင်ငံ၏ ပုံသဏ္ဌာန်
တူညီမှုကလည်း တစ်မူဆန်းပြားသည်။ နှစ်နိုင်ငံလုံးသည် ကမ္ဘာတစ်ခုလုံးက လိုအပ်သည့်
ကုန်ကြမ်းမှန်သမျှ တင်ပို့ ပေးနိုင်သည့် နိုင်ငံများဖြစ်လာမည်။

ယခုလောလောဆယ်
အခြေနေနှင့် ယင်းလေးနိုင်ငံများ၏ပုံသဏ္ဌာန်က လည်းတစ်မျိုးထူးဆန်းနေပြန်သည်။


ဘရာဇီး နိုင်ငံသည် ယခုလော လောဆယ်၌ ကုန်ထုတ်လုပ်သည့် ဝန်ဆောင်မှု
လုပ်ငန်းအဖြစ် လိုအပ်သည့် သဘာဝ ရင်းမြစ်ထွက်ကုန်များ အဆက်မပြတ် တင်ပို့နေသည့်
တစ်ခုတည်းသော နိုင်ငံအဆင့်သို့ ရောက်နေ၏။

BRIC နိုင်ငံများသည် အချင်းချင်း
ပူးပေါင်းဆောင်ရွက်ရေးဆိုသည့် ခံယူချက်ဖြင့် လုပ်နေကြသော်လည်း တရုတ်နှင့်
အိန္ဒိယနိုင်ငံတို့ လိုအပ်သည့် ကုန်ပစ္စည်းများကို ဘရာဇီးနှင့် ရုရှားတို့က အတူတွဲကာ
ပေးပို့နေရခြင်း အဖြစ်က စိတ်ဝင်စားဖွယ် ဖြစ်ပါ၏။

ယင်းအခြေအနေ အရပ်ရပ်ကို
ထည့်သွင်းသုံးသပ်မည် ဆိုပါက BRIC နိုင်ငံများသည် ခိုင်မာ၊ စွမ်းအင် ပြည့်စုံသော
စီးပွားရေး အသင်းအဖွဲ့ တစ်ခုဖြစ်ရန် လိုအပ်နေသေးသည်ဟု
ဆိုရပေမည်။

ယနေ့ခေတ်သစ် နိုင်ငံများကြား၌ စက်မှုအင်အားကြီး ရှစ်နိုင်ငံဖြင့်
ဖွဲ့စည်းထားသော G-8 နိုင်ငံများလို အဆင့်မျိုးသို့ ရောက်အောင် ကြိုးစားရဦးမည်ဟု
ဆိုလိုရင်း ဖြစ်ပါ၏။

BRIC နိုင်ငံများထဲမှ ဘရာဇီး နိုင်ငံအနေဖြင့်
လုံးဝနီးပါး ချုပ်ကိုင်ထားနိုင်သည့် ကုန်ပစ္စည်းများမှာ ပဲပုပ်နှင့်
သံရိုင်းကုန်ကြမ်းတို့ ဖြစ်သည်။ ရုရှားနိုင်ငံ အနေဖြင့် ရေနံစိမ်းနှင့် သဘာဝ
ဓာတ်ငွေ့ကို အလျှံအပယ် တင်ပို့ရောင်းချလျက် ရှိသည်။

စစ်အေးကာလ
ကုန်ဆုံးပြီးနောက် သို့မဟုတ် ထိုကာလထက် အရင်နှစ်ကာလများ ကတည်းက နိုင်ငံ
အများအပြားသည် BRIC နိုင်ငံများကဲ့သို့ စီးပွားရေးနှင့် နိုင်ငံရေးမူဝါဒ
ပုံစံများကို ပြောင်း၍ ကမ္ဘာ့စီးပွားရေး အဝန်းအဝိုင်းထဲသို့ ဝင်ခွင့်ရရန်
ကြိုးစားခဲ့ကြသည်။ ထိုအခါ နိုင်ငံအများကြား ပခုံးချင်းယှဉ်နိုင်ရန် ပညာရေး၊
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်း စားသုံးမှုနှင့်ပြည်တွင်းမှ
လုပ်ငန်းရှင်များ ပေါ်ထွန်းရေးအတွက် အလေးထား ဆောင်ရွက်ခဲ့ကြသည်။


အထက်ဖော်ပြပါ အခြေအနေ အရပ်ရပ်သည် ၂ဝဝ၃ ခုနှစ်ကာလ BRIC နိုင်ငံများနှင့်
အခြားနိုင်ငံများ ၏ လှုပ်ရှားမှုများဖြစ်၏။ ၂ဝဝ၄ ခုနှစ်၌ BRIC နိုင်ငံများနှင့်
ပတ်သက်၍ အစီရင်ခံစာ တစ်စောင် ပေါ်ထွက်လာခဲ့သည်။

BRIC နိုင်ငံများရှိ
လူတစ်ဦး နှစ်စဉ်ဝင်ငွေမှာ US$ ၃ဝဝဝ ကျော် ရှိခဲ့ပြီး၊ လာမည့် သုံးနှစ်ကာလ၌
နှစ်ဆတိုးကာ လာမည့် ဆယ်စုနှစ်အတွင်း သန်း ၈ဝဝ သော ပြည်သူပြည်သား များသည်
ထိုဝင်ငွေကို ခံစားကြရမည်ဟု ဆို၏။

ယင်းသို့သော ကြိုတင်ခန့်မှန်းမှုသည် BRIC
နိုင်ငံများရှိ လူလတ်တန်းစား အများစု အကျိုးခံစားရမည့် အဓိပ္ပာယ်ဖြစ်သည်။


ထိုအစီရင်ခံစာအရ ၂ဝ၂၅ ခုနှစ်၌ BRIC နိုင်ငံများမှ လူဦးရေ သန်း ၂ဝဝ
ကျော်တို့သည် တစ်နှစ်ဝင်ငွေ US$ ၁၅ဝဝဝ ကျော်ရရှိမည်ဟု ဆို ထားပြန်သည်။


ယင်းအစီရင်ခံစာ၏ နိဂုံးပိုင်း၌ BRIC နိုင်ငံများထဲ၌ ပထမဦးဆုံး
အကျိုးခံစားရမည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည်။ ပထမ ဆယ်စုနှစ်အတွင်း
နောက်မကြာမီ အိန္ဒိယ နိုင်ငံက ယင်းအခွင့်အရေးကို ရရှိကာ ကမ္ဘာ့စီးပွားရေး
တစ်ခုလုံးကို ချုပ်ကိုင်နိုင်မည်ဟု ဆို၏။

Goldman Sachs ၏ ခန့်မှန်းချက်
အစီရင်ခံစာ၌ ၂ဝ၂၅ ခုနှစ်တွင် ဥရောပတိုက်ရှိ လူအများဆုံး နေထိုင်သည့်
နိုင်ငံခြောက်နိုင်ငံမှ သူများ၏ တစ်နှစ်ဝင်ငွေမှာ US$ ၃၅ဝဝဝ အထက်သို့ ရောက်သွားမည်။
BRIC နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးမှုကြောင့် ယင်းနိုင်ငံများမှ လူဦးရေ သန်း
၅ဝဝ တို့သည် ယင်းသို့သော ဝင်ငွေ အချိုးအစားကို ခံစားရမည်ဟု ဖြည့်စွက် ဖော်ပြခဲ့သည်။


အိန္ဒိယ၏ ဖွံ့ဖြိုးမှု
အိန္ဒိယ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု
ခိုင်မြဲလာခြင်းဟူသော ခေါင်းစဉ်ဖြင့် သုတေသီနှစ်ဦးက ၂ဝဝ၇ ခုနှစ်တွင် BRIC
နိုင်ငံများကို လေ့လာသည့် အစီရင်ခံစာ တစ်စောင်ထွက်ပေါ်လာသည်။

Goldman Sachs
အဖွဲ့က လည်း ကမ္ဘာ့စီးပွားရေး အပေါ် အိန္ဒိယ နိုင်ငံ၏ လွှမ်းမိုးနိုင်မည့်
အခြေအနေမှာပို၍ ကြီးမား၊ ပို၍မြန်ဆန်လာခြင်းကို တွေ့ခဲ့၍ ယခင်က လေ့လာမှုများ
ထက်ပင်ပိုကာ အကောင်အထည်မြင် နေရပြီဟုဆို၏။

ကမ္ဘာပေါ်၌ အမြန်ဆန်ဆုံးနှုန်း
ဖြင့် ဖွံ့ဖြိုးလာသည့် မြို့ပြဒေသ ၃ဝ အနက်မှ ဒေသဆယ်ခုသည် အိန္ဒိယ နိုင်ငံ၌
တည်ရှိနေသည်။ လောလောဆယ် ဖြစ်ရပ်များကို အခြေခံထား တွက်ချက်လျှင် ၂ဝ၅ဝ ခုနှစ်၌ သန်း
၇ဝဝသော ပြည်သူများ မြို့ပြများထံသို့ ပြောင်းရွှေ့လာဖွယ်ရာ ရှိနေသည်။

အထက်ပါ
ခန့်မှန်းမှုအရ အိန္ဒိယ နိုင်ငံ၏ မြို့ပြ၌ အပေါ်ယံ အဆောက်အအုံများစွာ လိုအပ်နေ၍
တာဝန်ရှိသူများက အသင့်ဖြည့်ဆည်း ထားရမည်။ မြို့ပြနေအိမ် အဆောက် အအုံများ သာမက
ဝန်ဆောင်မှု လုပ်ငန်းများလည်းအသင့် ဖြစ်နေရမည်။

ဖွံ့ဖြိုးမည့်
လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းသည့်နိုင်ငံ တာဝန်ရှိသူများ အနေနှင့် နိုင်ငံ၏
ဖွံ့ဖြိုးမှု တစ်ခုတည်းကိုသာ ကြည့်၍မရ။ လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို ကြို
တင်တွက်ချက်ကာ အရန်သင့်ပြင်ဆင် ထားရမည့် တာဝန်လည်း ရှိသည်ဟု ဆိုလိုရင်း
ဖြစ်ပါ၏။

၂ဝဝ၇ ခုနှစ် အစီရင်ခံစာ၌ ဖွံ့ဖြိုးမှုကို ပြန်လည်တွက်ချက်သည့်အခါ
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပို၍ စီးဆင်းဝင်လာမည်ဟု Goldman Sachs က
ခန့်မှန်းသည်။ ၂ဝဝ၇ မှ ၂ဝ၂ဝ ကာလအတွင်း အိန္ဒိယ နိုင်ငံ၏ GDP သည် US$ နှင့်
တွက်ချက်လျှင်ပင် ယခုထက် လေးဆခန့်မြင့် တက်သွားမည်။

ထိုအခါ အိန္ဒိယ နိုင်ငံ၏
စီးပွား ရေးသည် ၂ဝ၄၃ ခုနှစ်တွင် အမေရိ ကန်နိုင်ငံ၏ စီးပွားရေးကို ကျော် တက်သွားမည်။


တိကျစွာ ဆိုရပါလျှင် BRIC လေးနိုင်ငံ အဖွဲ့သည် ၂ဝ၃၂ ခုနှစ်တွင် G-7
အဖွဲ့ကို စီးပွားရေးအရ ကျော်တက်သွားမည်ဟု ဆိုလိုရင်း
ဖြစ်ပါ၏။

ပြောင်းလဲသွားတော့မည့် စီးပွားမြင်ကွင်း
၂ဝ၁ဝ ခုနှစ်၌ ထွက်ပေါ်လာ
သော Goldman Sachs ၏ အစီရင် ခံစာက ပို၍လက်တွေ့ဆန်သည်။ နီးစပ်သည်။ အလွယ်လည်း
မြင်တွေ့ နေရပြီ ဖြစ်သည်။ ၂ဝ၃ဝ ခုနှစ်၌ အမေရိကန်၏ ဈေးကွက်အပေါ် ပိုင်ဆိုင်မှု
အရင်းအနှီးကို တရုတ်နိုင်ငံက လက်ပြောင်းလွှဲ ယူလိမ့်မည်။ ကမ္ဘာပေါ်၌ တစ်ခုတည်းသော
အကြီးမားဆုံး ဈေးကွက်ဖြစ်လာမည်ဟု ဖော်ပြခဲ့သည်။

၂ဝ၁ဝ ခုနှစ်၌
ဂျပန်နိုင်ငံ၏ GDP သည် စတုတ္ထ သုံးလပတ် Q-4 ၌ ယခင်နှစ်ကထက် ၁.၁ ရာခိုင်နှုန်းသာ
တိုးသည်။ တရုတ်တို့က ဂျပန် ကျော်တက်ကာ ကမ္ဘာ့ဒုတိယ စီးပွားရေး အဆင့်သို့
ရောက်ခဲ့သည်။ Forbes မဂ္ဂဇင်းကြီး၏ သုံးသပ်မှုအရ ၂ဝ၁၁ ခုနှစ်မတ်လတွင် BRIC
နိုင်ငံများ၌ ဥရောပ နိုင်ငံများထက် သန်းထောင်ချီ ကြွယ်ဝသည့် ဘီလီယံနာ အရေအတွက်
ပိုများသွားပြီဟု ဆိုထားသည်။ ယခုနှစ်တွင် ဥရောပ၌ သန်းထောင်ချီ ကြွယ်ဝသူ ၃ဝဝ ရှိရာမှ
BRIC နိုင်ငံများ၌ ၃ဝဝ ထက် ပိုများနေသည်ကို တွေ့ရသည်ဟု
ဖော်ပြထားသည်။ ယခင်နှစ်က BRIC နိုင်ငံများ၌ သန်းထောင်ချီ ကြွယ်ဝသူ ၁ဝ၈ ဦးသာ
ရှိခဲ့ပြီး တစ်နှစ်အတွင်း သန်းထောင်ချီ ကြွယ်ဝသူ သုံးဆနီး ပါး BRIC နိုင်ငံများ၌
တိုးလာသည်မှာ အံ့အားသင့်စရာ ဖြစ်နေ၏။

BRIC ၏ ၂ဝ၁ဝ လှုပ်ရှားမှု
BRIC
နိုင်ငံများ၏ ခေါင်းဆောင်များသည် မကြာခဏတွေ့ဆုံကာ ဆွေးနွေးတိုင်ပင် ကြသော်လည်း
မည်သည့်အချက်အလက်များကို သဘောတူကြသည်ဟူ၍ လူအများကို ထုတ်ပြန်ကြေညာလေ့ မရှိကြပေ။
သဘောတူလက်မှတ် ရေးထိုးကြခြင်းလည်း မတွေ့ရပေ။ သို့သော် BRIC နိုင်ငံများ၏
နောက်ကွယ်မှနေကာ လှုပ်ရှားနေသူကား တစ်ဦးတည်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်မှာ ယခင်
ရုရှားနိုင်ငံ သမ္မတ၊ ယခု ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေသည့် ဗလာဒီမြာပူတင်ပင်
ဖြစ်သည်။

ယင်းနိုင်ငံများ အကြား၌ သဘော တူညီထားမှု အမြောက်အမြား
ရှိနိုင်သော်လည်း တရားဝင် ကြေညာခြင်း မရှိပေ။ သို့သော် ယင်းနိုင်ငံများရှိ
နိုင်ငံခြားရေး ဝန်ကြီးဌာန အသီးသီး၏ Website များ၌ ဖော်ပြထားသည်ကို တွေ့ကြရသည်။


BRIC နိုင်ငံများသည် ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်မှုအဖွဲ့ Shanghai
Cooperation Organization-SOC ၌ တစ်စိတ်တစ်ဒေသ ပါဝင်နေသည်။ ယင်း SOC အဖွဲ့၌
ရုရှားနှင့် တရုတ် တို့က အဖွဲ့ဝင်ဖြစ်နေကြသည်ကို တွေ့ ရနိုင်၏။

BRIC
လေးနိုင်ငံအနက် အဖွဲ့ဝင် နှစ်နိုင်ငံနှင့် အခြားနိုင်ငံ တစ်ခု ပေါင်းစည်းထားသော
သီးခြားအဖွဲ့ တစ်ခုလည်း ရှိသည်။ IBSA Trilateral သုံး နိုင်ငံဟု ခေါ်သည်။ ယင်းအဖွဲ့၌
အိန္ဒိယI, ဘရာဇီး B, တောင်အာဖရိ SA တို့ဖြစ်၏။

IBSA အဖွဲ့ကလည်း နှစ်စဉ်
တွေ့ဆုံကာ ဆွေးနွေးလေ့ရှိသည်။

တိုးချဲ့တော့မည့် BRIC
အစဉ်တစ်စိုက်
စောင့်ကြည့်ကာ လေ့လာနေသည့် Goldman Sachs အဖွဲ့ကြောင့် ပိုမိုလူသိများထင်ရှား
လာသည့် BRIC အဖွဲ့သည် အဖွဲ့ဝင် များထပ်မံ တိုးချဲ့ရန် အလားအလာ များရှိသည်ဟု Goldman
Sachs အဖွဲ့ ကကြိုတင်ခန့်မှန်းထား၏။

BRIC အဖွဲ့သည် K တစ်လုံးတိုး ကာ BRICK
ဖြစ်လာနိုင်သည်။ K သည် တောင်ကိုရီးယား နိုင်ငံကို ကိုယ်စားပြုသည်။

BRIC
အဖွဲ့သည် M တစ်လုံးတိုး ကာ BRIMC ဖြစ်လာနိုင်သည်။ M သည် မက္ကဆီကို နိုင်ငံကို
ကိုယ်စား ပြုသည်။

BRIC အဖွဲ့သည် A တစ်လုံးတိုးကာ BRICA ဖြစ်လာနိုင်သည်။ A
သည် အာရပ်နိုင်ငံများ အဖွဲ့ကို ကိုယ်စားပြုသည်။ ယင်း A အက္ခရာ နောက်ကွယ်၌
ဆော်ဒီအာရေဗျ၊ ကာတာ၊ ကူဝိတ်၊ အိုမန်နှင့် အာရပ် စော်ဘွားနိုင်ငံများ ပါဝင်သည်။


BRIC အဖွဲ့သည် ET နှစ်လုံး တိုးကာ BRICET ဟုလည်း ဖြစ်လာနိုင်သည်။ ET သည်
အရှေ့ဥရောပ East Europe နှင့် တူရကီ နိုင်ငံတို့ကို ကိုယ်စားပြုသည်။


ပြန်လှန်သုံးသပ်မှုများ
BRIC အဖွဲ့၏ လှုပ်ရှားမှု၊ ပြုမူမှု၊
ရည်ရွယ်ချက်များနှင့် ပတ်သက်၍ အခြေခံကျကျ ပြန်လည်သုံးသပ် ကြသည့်အခါ သဘာဝ
ရင်းမြစ်များပေါ်၌ အဓိက အခြေခံသည့် လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် စီမံကိန်းများ၊
သဘောတူညီမှုများ ချမှတ်ထား ကြသည်ကို တွေ့ကြရသည်။

ဆိုလိုသည်မှာ သဘာဝ
ရင်းမြစ်များကို အကန့်အသတ်မရှိ၊ အတိုင်းအတာမရှိ၊ လိုအပ်သလို ထုတ်ယူ အသုံးပြုမည့်
ရည်မှန်းချက်များထား ရှိသည်ကို တွေ့ရမည်။

အမှန်တကယ်၌လည်း စီးပွား
ရေးဖွံ့ဖြိုးတိုးတက်မှု ခိုင်မြဲရန်အတွက် သဘာဝရင်းမြစ်များလို အပ်မှုသည် အရေးကြီးသည်။
အဓိကကျသည်မှာ ငြင်းဖွယ်ရာ မရှိပေ။

ပမာအားဖြင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက်
ရေနံ၊ သဘာဝဓာတ်ငွေ့ ကျောက်မီးသွေးနှင့် အခြားကျောက် ဖြစ်ရုပ်ကြွင်းစွမ်းအင်၊
ညူစွမ်းအင် အတွက် ယူရေနီယမ် သတ္ထုများ ထုတ်လုပ်နိုင်မှုသည် အဓိက အရေးပါပါ၏။


ယင်းအရာများ အသုံးပြုနေရ ခြင်းမှာ အစားထိုးလောင်စာကို စီးပွားဖြစ်
မထုတ်လုပ် နိုင်သေးသည့်အချိန် ကာလတစ်ခု အတွက်သာ ဖြစ်၏။ သို့မဟုတ်ပါက
နိုင်ငံဖွံ့ဖြိုးမှုသည် ပုံမှန် မဟုတ်ဘဲ နှေးကွေးသည်ထက် နှေးကွေးသွားမည်။ျြွှုဃ
အဖွဲ့၏ ရည် မှန်းချက်များ၊ ဦးတည်ချက်များ ပျောက်ကွယ်သွားမည်။

BRIC
နိုင်ငံများ၏ စီးပွားရေး စန်းထလာမှုသည် ကမ္ဘာ့ပတ်ဝန်း ကျင်အပေါ်၌လည်း
မူတည်နေပါ၏။

ကမ္ဘာတစ်ခုလုံး စီးပွားရေးအရ တောင်းဆိုလာနေမှုကို BRIC
နိုင်ငံများက ဖြည့်ဆည်းနိုင်စွမ်း ရှိပါမည်လား။ မည်မျှအထိ အာမခံ နိုင်ပါမည်လဲ။
အကန့်အသတ်မရှိ ဖြစ်နေရမည်။ ဆိုလိုသည်မှာ ခေတ်မီ နည်းပညာများဖြင့် ဖြည့်စွမ်းပေး
နိုင်ရမည်ဆိုသည့် တွေးတောကြံဆမှုမျိုး ဖြစ်ပါ၏။

ထိုထက် တစ်ဆင့်တက်၍
ပညာရှင်များ၊ ကျွမ်းကျင်သူများထဲမှ သုံးသပ်မှုများကလည်း ရှိနေသေးသည်။ BRIC အဖွဲ့ဝင်
နိုင်ငံများထဲမှ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို သီးသန့်ဖယ်ထုတ် စဉ်းစားကြည့်ကြရမည်။
တရုတ်နိုင်ငံနှင့် အခြားအဖွဲ့ ဝင်နိုင်ငံများ ယှဉ်တွဲကြည့်လျှင် ပို၍ သိသာသော
အဖြေတစ်ခု ပေါ်လာ နိုင်သည်ဟု ဆိုကြသည်။

သုတေသီ David Rothkopf က Foreign
Policy မဂ္ဂဇင်း၌ ''တရုတ် နိုင်ငံ မပါဝင်တဲ့ BRIC အဖွဲ့ဟာ BRI ဆိုတဲ့ အမှတ်တံဆိပ်
တစ်ခုအဖြစ်ပဲ ရှိလိမ့်မယ်။ တရုတ်နိုင်ငံဟာ အဲဒီ အဖွဲ့ကို လှုပ်ရှားနိုင်စေတဲ့ အမာခံ
ကြွက်သားပဲ။ ဒီလို အခြေအနေကို တရုတ်တွေ ကိုယ်တိုင်ကလဲ သိထားတယ်။ ဒီတော့
ဘယ်လိုကိစ္စပဲ ဆုံးဖြတ် ဆုံးဖြတ် ဗီတိုပါဝါဆိုတာ ရှိဖို့ လိုအပ်တယ်လို့ တရုတ်တို့က
သိလာကြပြီ။ အဲဒီလိုမဟုတ်ဘဲ အများက သဘောတူ ဆုံးဖြတ်ရင် ဘယ်သူက အလေးသာမှာလဲ။
တရုတ်တို့မှာ များပြားလှတဲ့ အရန်ငွေတွေ စုဆောင်းထားပြီး ရှိနေတယ်။ တရုတ်တို့မှာ
အလွန်ကြီးမားပြီး ခိုင်မာတဲ့ ဈးကွက်ကြီးတစ်ခုပဲရှိတယ်။ သူတို့ဟာ အမေရိကန်ရဲ့
အပေါင်းအဖော် G-2 လို့ ခေါ်လို့ရတဲ့ အနေအထား မှာလဲရှိတယ်။ G-2 လို့ခေါ်ရတာက G-8
အစည်းအဝေး ပြင်ပမှာ အမေရိကန်နဲ့ သူတို့နှစ်ဦးသာ ဆွေးနွေးရတဲ့ အတွက် G-2 လို့
သုံးလိုက်တာပါ။

''ဂျာမန်တဲ့ Deutsche ဘဏ်ရဲ့ အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း
ဆိုရင် ဖော်ပြထားသည်မှာ စီးပွားရေးအရ ဘဏ္ဍာရေးအရ၊ နိုင်ငံရေးအရ တရုတ်ဟာ ကျန် BRIC
နိုင်ငံတွေအပေါ် လွှမ်းမိုးထားနိုင်တယ်''ဟု ဆို၏။

အမှန်၌လည်း တရုတ်နိုင်ငံ၏
စီးပွားရေး ပမာဏသည် ကျန် BRIC အဖွဲ့ဝင် နိုင်ငံများ စီးပွားရေး စုစုပေါင်းထက်
ပိုများနေသည်။

တရုတ်နိုင်ငံ၏ တင်ပို့ကုန် ပမာဏသည် ကျန်သုံးနိုင်ငံ၏ တင်ပို့
ကုန်စုစုပေါင်းထက် နှစ်ဆများသည်။

BRICs အစနှင့် နောက်ခံဖြစ်ရပ်များ
BRIC
အဖွဲ့ပေါ်ပေါက်လာရ ခြင်းနှင့်ပတ်သက်၍ နောက်ခံဖြစ်ရပ် များထဲမှ
ခြေရာပြန်ကောက်ကြည့်လျှင် ၂ဝဝ၁ ခုနှစ်၊ နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် အရှိန်အဝါ
သိက္ခာသြဇာ ကြီးမားသော သတင်းစာကြီး တစ်စောင်၌ apmifüBuilding Better Global Economic
BRIC ဟူသော ခေါင်းစဉ်နှင့် Goldman Sachs ဘဏ္ဍာရေး အဖွဲ့ကြီးမှ သုတေသန ညွှန်ကြားရေးမှူး
Jon O'Neill က ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပါသည်။ သူက ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့်
တရုတ်ဆိုသည့် နိုင်ငံ လေးနိုင်ငံ၏ စီးပွားရေး ရုတ်ခြည်းတိုးတက် လာပုံကို
တင်ပြထားသည်။

ယင်းနိုင်ငံများကို ကိုယ်စားပြုသည့် တာဝန်ရှိသူများနှင့်
တွေ့ဆုံကာ ကမ္ဘာ့စီးပွားရေး တစ်စုံတစ်ရာ ပြောင်းလဲသွားနိုင်ရန် လုပ်ဆောင်နိုင်သည်ဟု
ဟောကိန်းထုတ်ခဲ့သည်။

BRIC ဆိုသော စာလုံးကို ထို အချိန်မှစ၍ ထပ်မံ၍
မတွေ့ရတော့သည်မှာ ၂ဝဝ၆ ခုနှစ်၊ စက်တင် ဘာလ ၂ဝ ရက်နေ့ အထိ ဖြစ်သည်။

ဒုတိယ
အချက်တစ်ခုမှာ ရုရှား သမ္မတ ဗလာဒီမြာပူတင်၏ တိုက်တွန်းချက်အရ အမေရိကန်နိုင်ငံ
နယူးယောက်မြို့ ၆၁ ကြိမ်မြောက် ကုလသ မဂ္ဂညီလာခံသို့ တက်ရောက်နေကြသော ရုရှား၊ တရုတ်၊
ဘရာဇီးနှင့် အိန္ဒိယ နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများသည် ညီလာခံပြင်ပ၌
အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ ကြသည်။ နောက်တစ်နှစ် အကြာ၌ ပြန်ဆုံကြရန်လည်း ကတိကဝတ်
ထားခဲ့ကြသည်။

ယင်းအချိန်က ရုရှားနိုင်ငံခြား ရေးဝန်ကြီး Sergei Lavrov က
လေးနိုင်ငံ ဝန်ကြီးများ တွေ့ဆုံမှုအပေါ် ကျေနပ်အားရ ဖြစ်မိပါကြောင်း။ စိတ်ဝင်စားဖွယ်
ကောင်းသည့် သဘောတူညီချက်များ ရခဲ့သည်။ လေးနိုင်ငံမှ တာဝန်ရှိသူများ၏
တင်ပြချက်များအရ ပူးပေါင်းဆောင်ရွက်နိုင်သည့် အဖွဲ့တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း
ဆိုခဲ့၏။

အထက်ပါ အဖြစ်အပျက်များသည် O'Neill ပြောသော ဆောင်းပါးထဲမှ BRIC
အဖွဲ့မဟုတ်တော့ဘဲ ပြင်ပတွင် အမှန်တကယ် မြင်တွေ့ ရတော့မည့် BRIC အဖွဲ့
ပေါ်ပေါက်တော့မည့် စကားဦးများ ဖြစ်လာ၏။

BRIC ၏ပထမဦးဆုံး
ထိပ်သီးအစည်းအဝေးမှသည်...။

၂ဝဝ၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ ၌ BRIC
နိုင်ငံခေါင်းဆောင်များ တက်ရောက်သည့် ပထမဦးဆုံး ထိပ်သီးအစည်းအဝေးကို ရုရှားနိုင်ငံ
Yekaternburg မြို့၌ ကျင်းပနိုင်ခဲ့ သည်။

၂ဝဝ၉ ခုနှစ်၊ ဇွန်လ ၂၁ ရက် နေ့၌
ရုရှားသမ္မတ Dmitry Med-vedev က''ကမ္ဘာ့ ပြဿနာများကို ဖြေရှင်းသည့်အခါ ပုံစံသစ်ဖြင့်
ဖြေ ရှင်းနိုင်ရမည်။ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စည်းမျဉ်းစည်းကမ်းသစ်
များချမှတ်ကာ ဖြေရှင်းရာတွင် ပါဝင် ကြရန်တိုက်တွန်းခဲ့၏။

၂ဝ၁ဝ ခုနှစ်၊
ဧပြီလ ၁၅ ရက် နေ့၌ BRIC အဖွဲ့၏ ဒုတိယ အကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို
ဘရာဇီးနိုင်ငံ -Brasilia မြို့၌ ကျင်းပနိုင်ခဲ့သည်။ ထိုအစည်းအဝေးက ကုလသမဂ္ဂ
ပြန်လည်ဖွဲ့စည်းရေးနှင့် လုံခြုံရေး ကောင်စီတွင် အဖွဲ့ဝင်သစ်များ ဝင်ခွင့်ပြုရေး
တိုက်တွန်းခဲ့၏။

၂ဝ၁ဝ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံက ၂ဝ၁၁ ခုနှစ်၊
ဧပြီလ တွင် ကျင်းပမည့် BRIC ညီလာခံသို့ တောင်အာဖရိကနိုင်ငံအား တက်
ရောက်ရန်ဖိတ်ကြားခဲ့သည်။ တောင်အာဖရိက နိုင်ငံသာ BRIC အဖွဲ့ဝင် ဖြစ်သွားမည်ဆိုပါက
BRIC အဖွဲ့အမည်ပါ နောက်ဆုံးစာလုံး s အသေးကို S အကြီးအဖြစ်သို့ ပြောင်းလဲ
အသုံးပြုမည်ဟု သတင်းထုတ်ပြန်ခဲ့၏။

တရုတ်နိုင်ငံက BRIC ထိပ်သီးအစည်း အဝေးကို
အိမ်ရှင်အဖြစ်လက်ခံကျင်းပ

တရုတ်နိုင်ငံ၏ တောင်ဘက် အစွန်း
ကျွန်းငယ်တစ်ခုဖြစ်သော ဟိုက်နမ် - Haiman ၏ မြို့တော်စန့်ယာ တွင်ကျင်းပသည့် BRIC
ထိပ်သီး အစည်းအဝေးသို့ တရုတ်သမ္မတ ဟူကျင်တောင်း တက်ရောက်ခဲ့သည်။

ယခင်နှစ်က
လေးနိုင်ငံလုံးက သဘောတူထားသော တောင်အာဖရိက နိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံရန်
တောင်အာဖရိက သမ္မတကိုပါ ယခု အစည်းအဝေးသို့ ဖိတ်ကြားစာ
ပို့ခဲ့၏။

အစည်းအဝေးသို့ တက်ရောက် လာသော တရုတ်နိုင်ငံ လက်ထောက်
နိုင်ငံခြားရေး ဝန်ကြီး Wu Hailong နိုင်ငံများ၏ ကုန်သွယ်ရေး ပမာဏမှာ
တစ်နှစ်ထက်တစ်နှစ် တိုးလျက်ရှိသည်။ ယခင်နှစ်ကထက် ယခုနှစ်၌ ၂၈ ရာခိုင်နှုန်း
မြင့်တက်လာသည်ဟု ဆိုသည်။

BRICs အဖွဲ့ဝင်ဖြစ်ရေး အလားအလာ
BRICs
အဖွဲ့ဝင်ဖြစ်ရေးအတွက် လက်ရှိနိုင်ငံများ၏ ခေါင်းဆောင်များသည် မိမိတို့နိုင်ငံ
စီးပွားရေးအတွက် အပြင်းအထန် အားထုတ်ခဲ့ရသည်။

ဘရာဇီးနိုင်ငံ
၁၉၈၉ ခုနှစ်
စစ်ဘက် အုပ်ချုပ်မှုမှ ပြည်သူများ ရွေးချယ်တင် မြှောက်မှုဖြင့် အာဏာရ သမ္မတ Fernando
Color de Mello သည် ငွေကြေး အဆမတန် ဖောင်းပွနေမှုကို တိုက်ဖျက်ရန် ပုဂ္ဂလိကပိုင်
အဖြစ် ပြောင်းပြန်လှန် ပြောင်းလဲခဲ့သည်။ ဘရာဇီးနိုင်ငံ၏ ပြောင်းလဲမှုအစ ဖြစ်သည်။


၂ဝဝ၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၌ လက်ဝဲပါတီ ခေါင်းဆောင် Lula Da Silva က
ဘရာဇီးသမ္မတ ဖြစ်လာသည့်အခါ ဟောင်းနွမ်းဆွေး မြည့်နေသည့် စီးပွားရေး ဘဝပုံစံ
ဟောင်းကို မြောင်းထဲပို့ပစ် လိုက်သည့် ပမာ စွမ်းဆောင်ပြ နိုင်ခဲ့သည်။

၂ဝဝ၈
ခုနှစ်၊ ဇန်နဝါရီလ ဘရာဇီး နိုင်ငံသည် လက်ဖြန့်ငွေချေးနေရသည့် နိုင်ငံဘဝမှ
ကင်းလွတ်ကာ ပထမဦးဆုံး အလှူရှင်နိုင်ငံ အဖြစ်သို့ ရောက်လာခဲ့သည်။

၂ဝဝ၈
ခုနှစ်၊ မေလ၌ နိုင်ငံတကာ ကမကထ ပြုလုပ်သည့် ငွေကြေးရန်ပုံငွေအဖွဲ့ တစ်ခုတည်ထောင်သည်။
တရုတ်နိုင်ငံနှင့် အတူ ပူးပေါင်းကာ ပါရှန်ပင်လယ်ကွေ့ နိုင်ငံများ၌
ရင်းနှီးမြှုပ်နှံမှု စတင်ပြုလုပ်သည်။

၂ဝဝ၉ ခုနှစ်၊ ဧပြီလ၌ အမေရိကန် သမ္မတ
ဘားရတ်အိုဘားမားက သမ္မတ Lula သည် ကမ္ဘာပေါ်တွင် လူသိအများဆုံး၊ အကျော်ကြားဆုံး
သမ္မတတစ်ဦး ဖြစ်သည်ဟု ချီးကျူးဂုဏ်ပြုခဲ့သည်။

အိန္ဒိယနိုင်ငံ
၁၉၉၁
ခုနှစ်တွင် အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီး Manmohan Singh က နိုင်ငံ၏ စီးပွားရေးကို
ပြောင်းပြန်လှန်ပစ်သည်။ နောက် ဆယ်စုနှစ် နှစ်ခု အကြာ၌ ဖွံ့ဖြိုးသည့်
နိုင်ငံဖြစ်လာခဲ့၏။

၂ဝဝ၁ မှ ၂ဝဝ၅ အတွင်း အိန္ဒိယ စတော့ရှယ်ယာ ဈေးကွက်သည် ၁၉ဝ
ရာခိုင်နှုန်း မြင့်တက်သွား၏။

၂ဝဝ၉ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းသည် BRIC
နိုင်ငံများ အတွက် ပွဲလန့်ဖျာခင်း အဖြစ်မျိုးနှင့် စီးပွားဖြစ်ခဲ့သည်။
အိန္ဒိယနိုင်ငံ၏ GDP သည် ၉.၇ ရာခိုင်နှုန်း မြင့်တက်သွားသည်။


ရုရှားနိုင်ငံ
၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် ဆိုဗီယက် ပြည်ထောင်စု သမ္မတ
နိုင်ငံကြီး ပြိုကျသွားခဲ့သည်။ စီးပွားရေး ချွတ်ခြုံကျမှု များစွာနှင့် ကျန်ခဲ့သည်။
နောက်ဆယ်စုနှစ် တစ်ခုလုံး သမ္မတ Boris Yeltsen လက်အောက်၌ အရေးပေါ်
တစ်ပွဲထိုးနည်းများနှင့် နိုင်ငံ၏ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။


၁၉၉၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက် ရုရှားနိုင်ငံ စီးပွားရေး အရည်ပျော်ကျသည်အထိ
အောက်ဆုံးသို့ ရောက်သွားသည်။ လုပ်ငန်းရှင်များ အကြွေးလည်ပင်းအထိ ရောက်သွားသည်။
နိုင်ငံသုံး Ruble ငွေ တန်ဖိုးမဲ့ ဘဝရောက်သွားသည်။

၁၉၉၉၊ ဒီဇင်ဘာလ ၃၁ ရက်။
မထင်မရှား ကေဂျီဘီ ထောက်လှမ်းရေး အရာရှိဟောင်း Vladimir Putin က ကရင်မလင်၌ သမ္မတ
ဖြစ်လာ၏။ နိုင်ငံသိက္ခာ ပြန်ရှိလာစေရန် ကြိုးစားမည်ဟု ကတိကဝတ် ပြုသည်။

၂ဝဝ၁
မှ ၂ဝဝ၅ အတွင်း ရုရှား၏ စတော့ရှယ်ယာ ဈေးသည် ရေနံ ပြဿနာ တက်နေချိန်များ၌
ခုန်တက်သွား၏။ ရုရှားတို့ အမြတ် ၇၆၁ ရာခိုင်နှုန်းရခဲ့သည်။


တရုတ်နိုင်ငံ
၁၉၉၈၊ အရှေ့တောင်အာရှ ဒေသ နိုင်ငံများ၌ ဘဏ္ဍာရေး အကျပ်အတည်း
ရင်ဆိုင်နေရချိန်၊ တိကျစွာ ဆိုရလျှင် ကျားနိုင်ငံများဟု အမည် တပ်ခံရသော
စီးပွားဖွံ့ဖြိုးသည့် နိုင်ငံများ ဒုက္ခနှင့် ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံက
တိတ်ဆိတ်စွာ စီးပွားရေး ဖွံ့ဖြိုးလာခဲ့ကာ မခန့်မှန်းနိုင်သည့် တိုးတက်မှုများ
ရရှိသွားခဲ့သည်။

၂ဝဝ၁၊ ဒီဇင်ဘာလ ၁၁၊ တရုတ် နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေး WTO
အဖွဲ့ဝင် ဖြစ်ခဲ့သည်။ အစိုးရသတင်းစာ People's Daily က တရုတ်နိုင်ငံ
ပြုပြင်ပြောင်းလဲရေး အတွက် တံခါးဖွင့်ကာ ခေတ်သစ်သို့ ရောက်လာပြီ။
သမိုင်းတွင်မည့်နေ့ဟု ဆိုခဲ့သည်။

၂ဝဝ၇၊ ဒီဇင်ဘာ၊ ကမ္ဘာပေါ်တွင် တတိယ
စီးပွားရေး အင်အား အကြီးမားဆုံး ဖြစ်သည့် ဂျာမနီ နိုင်ငံကို တရုတ်နိုင်ငံက
စီးပွားရေးနှင့် ကျော်တက်နိုင်ခဲ့သည်။

၂ဝ၁ဝ၊ ဇူလိုင်၊ ကမ္ဘာပေါ်တွင် ဒုတိယ
စီးပွားရေးအင်အား အကြီးမားဆုံး ဖြစ်သည့် ဂျပန်နိုင်ငံကို တရုတ် နိုင်ငံက
စီးပွားရေးနှင့် ကျော်တက်နိုင်ခဲ့သည်။

နိဂုံး
နိုင်ငံတစ်နိုင်ငံ
ဖွံ့ဖြိုးတက်တက်ရန်အတွက် လက်တွေ့ အလုပ်နှင့် သက်သေပြရသည်။ BRIC နိုင်ငံများသည်
အလွယ်တကူ ဖွံ့ဖြိုးကာ စင်ပေါ်သို့ ရောက်လာသည့် ခေတ်ပျက် သူဋ္ဌေးများ မဟုတ်ကြောင်း
သက်သေအထောက်အထား ရှိနေပါသည်။

Source : WSJ.com / The Economist / CS.
Montor / Dow Jones.com / Xinhua / FT. Com.


စိုးမင်းဦးRef:maynmarmarket journal

No comments:

Post a Comment