Popular Posts

Sunday, 5 February 2012

ငွေကြေးလိမ်လည်တိမ်းရှောင်သည့်ကိစ္စ အရေးယူ၍ရ မရ

ကြေးမုံဝင်း
အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)

လတ်တလောကာလအတွင်း၌ပင် မြန်မာနိုင်ငံမှ အလုပ်သမားများ၊ ကုန်သည်များထံမှ ငွေကြေးများ လိမ်လည်ကာ နိုင်ငံရပ်ခြားသို့ ထွက်ပြေးတိမ်း ရှောင်သည့်ကိစ္စရပ်များ မကြာခဏ ဖြစ်ပေါ်နေပြီး မည်သို့မျှ အရေးယူအပြစ်ပေး၍မရ ဖြစ်နေသည့်အပေါ် မြန်မာတိုင်း(မ်) က ဦးမင်းဆွေနှင့်ဒေါ်ခင်ထွေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊တရားလွှတ်တော် ရှေ့နေ ဦးမင်းဆွေနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။
* ပြည်တွင်းကလူတွေ၊ ကုန်သည်တွေ၊ ကုမ္ပဏီတွေကို နိုင်ငံရပ်ခြားက ကုန်သည်တွေ၊ ကုမ္ပဏီတွေက ငွေကြေးပိုင်းဆိုင်ရာ လိမ်လည်သွား တဲ့အခါ အရေးယူဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံဥပဒေမှာ ပြဌာန်းထား တာမျိုး ရှိပါသလား။
ဖြေ - ဥပဒေ ရှိပါတယ်။ တရားမမှုနဲ့ ဆောင်ရွက်ရင် တရားမကျင့်ထုံး ဥပဒေပုဒ်မ ၄၄ က ကို လိုက်နာရမယ်။ ပြစ်မှုနဲ့ဆောင်ရွက်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ နဲ့ ၄ ကို လိုက်နာဆောင် ရွက်ရမှာပါ။
* တရားမကျင့်ထုံးဥပဒေပုဒ်မ ၄၄ (က)နဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ နဲ့ ၄ ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ပြောပြပေးပါ။
တရားမကျင့်ထုံးဥပဒေပုဒ်မ ၄၄ ကမှာ "အပြန်အလှန်ဆောင်ရွက်ပေးရန် စီစဉ်ထားသော (Reciprocating Agreement ရှိထားသော) နယ်မြေရှိ အဆင့်မြင့်တရားရုံး တစ်ရုံးရုံးက ချမှတ်ထားသော ဒီကရီ၏ တာဝန်ခံ မိတ္တူတစ်စောင်ကို ခရိုင်တရားမရုံးသို့ တင်သွင်းပြီး ဖြစ်သည့်အခါတွင် ယင်းဒီကရီကို ခရိုင်တရားရုံးက ချမှတ်သောဒီကရီ ဖြစ်သကဲ့သို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အတည်ပြုနိုင် သည်" လို့ ပြဋ္ဌာန်းထားပါတယ်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ ကတော့ "မည်သူမဆို၊ ပြည်ထောင်စုနိုင်ငံတော်အပ၌ ကျူးလွန်သော ဤရာဇသတ်ကြီး ဆိုင်ရာပြစ်မှု အတွက်၊ ပြည်ထောင်စု နိုင်ငံတော်၏ တည်ဆဲဥပဒေတစ်ခုခု အရ စစ်ဆေးစီရင်ခြင်းခံရန် ထိုက်သင့်လျှင်၊ ထိုသူကို ပြည်ထောင်စုနိုင်ငံ အတွင်း ကျူးလွန်သော ဤရာဇသတ် ကြီးဆိုင်ရာပြစ်မှုအတွက် စစ်ဆေး စီရင်ဘိသကဲ့သို့ စစ်ဆေးစီရင်ရမည်" လို့ ပြဋ္ဌာန်းထား ပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄ မှာတော့ "ဤရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်များကို မည်သည့်အရပ်၌မဆို ရှိနေသော ပြည်ထောင် စု နိုင်ငံသား ကျူးလွန်သည့် ပြစ်မှုများနှင့်လည်း သက်ဆိုင်စေရမည်"လို့ ပြဋ္ဌာန်းပါတယ်။
* ဥပဒေရှိနေပါလျက်နဲ့ အဲဒီလို လိမ်လည်ပြီး နိုင်ငံရပ်ခြားကို ရှောင်တိမ်းထွက်ပြေးတဲ့လူတွေ၊ နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့လူတွေကို ဘာလို့ အပြစ်မပေးနိုင်သေးတာပါလဲ။
ဥပဒေရှိထားပေမယ့် အဲဒီ ဥပဒေကို တခြားနိုင်ငံက လူအပေါ်မှာ သက်ရောက်နိုင်ဖို့က အဲဒီနိုင်ငံနဲ့ ကိုယ့်နိုင်ငံကြားမှာ သဘောတူညီမှု တစ်ခု အရင်လုပ်ထားဖို့ လိုအပ်ပါတယ်။ အဲဒါ ကတော့ Reciprocating Agreement လို့ခေါ်တဲ့ အပြန်အလှန်ဆောင်ရွက်ပေးဖို့ စီစဉ်ထားမှုမျိုး လိုအပ်ပါတယ်။ ဥပမာ မြန်မာနိုင်ငံနဲ့ အာဆီယံ ၁၀ နိုင်ငံ ဒါမှမဟုတ် ဥရောပနိုင်ငံတွေ၊ အမေရိကန်နိုင်ငံ စသဖြင့်ပေါ့။
* အဲဒီလို Agreement မျိုး ရှိထားရင် ဘာတွေလုပ်လို့ရနိုင်ပါသလဲ။
မြန်မာနဲ့ အာဆီယံနိုင်ငံတွေ၊ ဥရောပနိုင်ငံတွေကြားမှာ အဲလိုအပြန် အလှန်ဆောင်ရွက်ပေးဖို့ စီစဉ်ထားတာမျိုးရှိရင် မြန်မာပြည်က လူက ကျပ် သန်းပေါင်းများစွာ အလိမ်ခံရတဲ့အခါ လိမ်သွားတဲ့လူက အဲဒီအပြန်အလှန် ဆောင်ရွက်ပေးဖို့ စီစဉ်ထားတဲ့နယ်မြေ ကဖြစ်ရင် အဲဒီလူကို တရားစွဲဆိုနိုင်တယ်။ ဟိုမှာရှိတဲ့ ပစ္စည်းကို ၀ရမ်းကပ် ရောင်းချပြီး ငွေယူလို့ရတယ်။ သူ့ကို ဖမ်းဆီးလို့ရပါတယ်။ တစ်လောက ဖြစ်သွားတဲ့ စင်ကာပူကနေ မြန်မာပြည်ကို ငွေလွှဲပေးမယ်ဆိုပြီး ဒေါ်လာသန်းပေါင်းများစွာ လိမ်သွားတဲ့အမျိုးသမီးကို ဘယ်နိုင်ငံမှာ နေထိုင်တယ်ဆိုတာ သိပါလျက်နဲ့ ဘာမှလုပ်လို့မရဘူးဖြစ်နေတာက စင်ကာပူနဲ့ မြန်မာကြားမှာ Reciprocating Agreement ရှိမထားသေးလို့ပါ။
* နိုင်ငံအချင်းချင်းကြားမှာ Reciprocating Agreement ရှိထားပြီးနောက် တရားစွဲတဲ့အခါမှာရော ဘယ်နိုင်ငံကနေ စွဲဆိုရမှာပါလဲ။
မြန်မာနိုင်ငံမှာ ဖြစ်ခဲ့ရင်၊ မြန်မာနိုင်ငံမှာ စာချုပ်ချုပ်ရင် မြန်မာနိုင်ငံ တရားရုံးမှာ တရားစွဲနိုင်တယ်။ တခြားနိုင်ငံမှာ ဖြစ်ခဲ့ရင်တော့ တခြားနိုင်ငံက တရားရုံးမှာ တရားစွဲဆိုနိုင်ပါတယ်။ အပြစ်ရှိတဲ့လူ ဘယ်နိုင်ငံမှာရှိသည်ဖြစ်စေ လိုက်ပြီးဖမ်းဆီးနိုင်ပါတယ်။ သူ ပိုင်ဆိုင်တဲ့ ပစ္စည်းလည်း ဘယ်မှာ ရှိသည်ဖြစ်စေ ၀ရမ်းကပ်လို့ရပါတယ်။
* မြန်မာနိုင်ငံနဲ့ Reciprocating Agreement ရှိထားတဲ့နိုင်ငံတွေ ရှိပါသလား။
၁၉၃၅ ခုနှစ်၊ ၂ လပိုင်း ၁၆ ရက် နေ့စွဲပါ အိန္ဒိယဂေဇက်အပိုင်း (၅) စာမျက်နှာ ၂၄ မှာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ယူနိုက်တက်ကင်းဒမ်းတို့အကြားတွင် ဒီကရီ အပြန်အလှန်အတည်ပြု ဆောင်ရွက်နိုင်တယ်လို့ ပြန်တမ်းမှာ ကြေညာချက် ပါခဲ့ဖူး ပါတယ်။ အဲတော့ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းတို့ အကြားမှာ Reciprocating Agreement ရှိခဲ့ဖူးတယ်လို့ ပြောနိုင်ပါတယ်။ ဥပမာပြပြီးပြောရရင် S C Sarkar နဲ့ P C Sarkar တို့ပြုစုတဲ့ ၁၉၉၂ ခုနှစ်ထုတ် The Law of Civil Procedure ရှစ်ကြိမ်မြောက်ပုံနှိပ်ခြင်းမှာ 'ပုဒ်မ ၄၄ က' အောက်က စာမျက်နှာ ၁၉၃ အောက်ဆုံးမှာ ရန်ကုန်တွင် ရရှိသော ဒီကရီကို အိန္ဒိယသို့ လွှဲပြောင်းပြီး ဒီကရီ အတည် ပြုသည်လို့ ရေးသားထားတဲ့ သာဓက ရှိခဲ့ဖူးပါတယ်။
* မန္တလေးမှာရော နိုင်ငံရပ်ခြားက လာပြီးလိမ်လည်ခံရတာမျိုး၊ လိမ်လည်ပြီး နိုင်ငံရပ်ခြားကို တိမ်းရှောင်သွားတာမျိုး ရှိခဲ့ဖူးပါသလား။
ရှိဖူးပါတယ်။ ကျွန်တော်တို့လည်း အရင်က ဒီ Reciprocating Agreement အကြောင်း အမှတ်တမဲ့ ပါပဲ။ အလားတူ လိမ်လည်ခံ ရတဲ့အမှု မျိုးကို လာအပ်မှပဲ ပြန်လေ့လာမိတာပါ။ များသောအားဖြင့် ပြစ်မှုကျူးလွန်တဲ့ လူတွေဟာထိုင်းနိုင်ငံလို၊ စင်ကာပူလို နိုင်ငံမျိုးတွေကို ထွက်ပြေး တိမ်းရှောင်ကြတာ များတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေနဲ့ က အပြန်အလှန် သဘောတူညီမှုမျိုး ရှိမထား တော့ ဘာမှလုပ်လို့မရပါဘူး။
* တခြားနိုင်ငံတွေနဲ့ Reciprocating Agreement လုပ်ရင်ရော ဘာတွေ အကျိုးရှိလာနိုင်ပါသလဲ။
ဥပဒေက ရှိနေပြီးသားဖြစ်တဲ့အတွက် ဒီ Reciprocating Agreement ကို သံရုံးအချင်းချင်းကြားမှာ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန အချင်းချင်းကြားမှာ သဘောတူညီမှု လုပ်ထားနိုင်ရင် တိုင်းပြည်ရဲ့ နိုင်ငံခြားကုန်စည် စီးဆင်းမှုနဲ့ ငွေလည်ပတ်မှုတွေမှာ နစ်နာနေရ တာတွေကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။
* Reciprocating Agreement နဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောစရာများရှိသေးလား။
အရင်က အထက်မှာ ပြောခဲ့တဲ့ ဥပဒေတွေကို ဥပဒေသမားတွေ အမှတ်တမဲ့ဖြစ်နေခဲ့ကြတာဟာ တိုင်းပြည် အခြေအနေအရ တခြား အာဆီယံ နိုင်ငံတွေနဲ့ရော၊ ဥရောပနိုင်ငံတွေနဲ့ပါ ကုန်စည်ကူးသန်းရောင်းဝယ်မှု၊ စီးပွားရေး ပွင့်လင်းမြင်သာမှု မရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ အခုအချိန်မှာ ကိုယ့်နိုင်ငံက ဒီမိုကရေစီကို အကောင်အထည် ဖော်ဆောင်ရွက်နေပြီး ဈေးကွက်စီးပွားရေးစနစ်ကိုလည်း ကျင့်သုံးဆောင်ရွက်နေတယ်။ နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့တာတွေကိုလည်း လျှော့ချမယ့် အရိပ်အယောင်တွေကို မြင်နေရပြီ ဖြစ်တဲ့အတွက်နောက်ပိုင်းမှာ ကိုယ့်နိုင်ငံသားတွေ နိုင်ငံရပ်ခြားနဲ့ ချိတ်ဆက် စီးပွားရေးလုပ်တဲ့အခါမှာ မနစ်နာရအောင် လုပ်ထား သင့်တဲ့ အရာတစ်ခုလို့ အကြံပေးချင်ပါတယ်။
Ref:Myanamrtime

No comments:

Post a Comment