Popular Posts

Tuesday, 23 October 2012

မူဝါဒများ၊ လုပ်နည်းလုပ်ဟန်များ၊ ဆက်လက်လုပ်ဆောင်ခြင်းများ

Written by ဒေါက်တာလှိုင်မိုး
မည်သည့်လုပ်ငန်းလုပ်လုပ်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ (Aims & Objectives)များ ပြည့်မီအောင်မြင်ရန် ထိပ်ပိုင်းမှ တာဝန်ရှိသူများက မူဝါဒများ (policies) ရေးဆွဲကြရလေသည်။

၎င်းမူဝါဒများကို လွှတ်တော်တွင်းမှာ အဖွဲ့ငယ်များဖွဲ့၍ဖြစ်စေ (သို့မဟုတ်) သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခု(သို့မဟုတ်) ၀န်ကြီးဌာနနှစ်ခု သုံးခုနှင့် ဆက်စပ်နေလျင်လည်း ပါဝင်သင့်သော ၀န်ကြီးဌာနများကို လွှဲအပ်၍ဖြစ်စေ မူဝါဒများရေးဆွဲစေ ခြင်းများရှိကောင်းရှိပါမည်။

မူဝါဒများ၏ ဘောင်အတွင်း၌ ရှိနေမည့် လုပ်နည်းလုပ်ဟန်များ (Procedures) ကို ထပ်ဆင့် ဆွေးနွေး ရေးဆွဲကြရပါမည်။ ၎င်းလုပ်နည်း လုပ်ဟန်များသည် လိုက်နာကျင့်သုံး ဆောင်ရွက်ကြရမည့် စည်းမျဉ်းစည်းကမ်း(ွRules & Regulations) အဖြစ် ပေါ်ပေါက်လာကြမည်ဖြစ်သည်။
၎င်းအဆင့်အထိမှာ ၀န်ကြီးဌာန၌သာ ဒုဝန်ကြီးများ၊ ညွှန်ချုပ်များ၊ ညွှန်မှူးများနှင့် စည်းဝေးဆွေးနွေး ရေးဆွဲကြရမည်ဟု ထင်မြင်မိပါသည်။ သည့်နောက်မှသာ ဆက်လက်လုပ်ဆောင်ခြင်းများ(Procedings)အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ တာဝန်ရှိပုဂ္ဂိုလ်များထံ ညွှန်ကြားချက်များ ပို့ကြရလိမ့်မည်ဟု မြင်မိပါသည်။

သို့ရာတွင် ကျွန်ုပ်တို့မြန်မာနိုင်ငံ၌ မူဝါဒများ ရေးဆွဲရာတွင်သော်လည်းကောင်း၊ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲရာတွင်လည်းသော်ကောင်း အသေးစိတ် ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းကို ပေးသင့်သောအချိန်ပေး၍ မပြုလုပ်ခဲ့ကြခြင်းကြောင့်လော၊ တတ် သိနားလည်သော ပညာရှင်များ ပါဝင်ခဲ့ခြင်း မရှိသောကြောင့်လော၊ ပီပြင်မှု နည်းပါးသည်ကို တွေ့နေရသည်။

ဥပမာ- ကားများ တင်သွင်းသည့်ကိစ္စ၌ ပထမပိုင်းကတည်းက ပီပြင်သော စည်းမျဉ်းစည်းကမ်းများ ထွက်ပေါ်မလာခဲ့ချေ။ မကြာခဏ ပြုပြင်နေခဲ့ကြရသည်ကို ကားကိစ္စ စိတ်ဝင်စားသူတိုင်း သိရှိနေပြီးဖြစ်သည်။
ဤသို့ မဖြစ်သင့်ဟု ထင်ပါသည်။ ပေးသင့်သောအချိန်ပေး၍ ပါဝင်သင့်သူများပါဝင်ကာ စည်းဝေးဆွေးနွေးခြင်းများကို လိုအပ်သလို တစ်ကြိမ်မက နှစ်ကြိမ်သုံးကြိမ် ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ဆောင်ရွက် သင့်ပါသည်။ သည့်တိုင် တာဝန်ခံရသည့် ၀န်ကြီး စသည် ထံ ပြန်လည်တင်ပြသင့်ပါသေးသည်။ တာဝန်ခံရသည့်ပုဂ္ဂိုလ်က ပြင်ဆင်သင့်သည်များ ပြင်ဆင်အတည်ပြုပြီးမှသာ စည်းမျဉ်းစည်းကမ်းများအဖြစ် ထွက်ပေါ်သင့်ပါသည်။
ဤသို့မဟုတ်ဘဲ အကြီးအကဲ တစ်ဦးတည်း၏ သဘောဆန္ဒဖြင့် ညွှန်ကြားခြင်း (Directing) မျိုးကို ရှောင်ရှားသင့်ပေသည်။



မြန်မာနိုင်ငံ၌ ဖြစ်စဉ်အချို့ကို ကြည့်လျှင် လုံလောက်သောအချိန် မပေးဘဲ ဆွေးနွေးခြင်းမျိုး၊ ပါသင့်သော ပညာရှင်များ တာဝန်ရှိသူများ မပါဝင်ခဲ့ဘဲ ဆွေးနွေးခဲ့ခြင်းမျိုး၊ တစ်ဦးတစ်ယောက်၏ ညွှန်ကြားခြင်းဖြင့်သာ ဆုံးဖြတ်ခဲ့ကြခြင်းမျိုးများကြောင့် ဆုံးဖြတ်ချက်အမှားများ ပေါ်ပေါက်ခဲ့ကြရပေသည်။ မြစ်ဆုံပြဿနာသည် ထင်ရှားသော သာဓက ဖြစ်ပါသည် . . .
အင်္ဂလိပ်တို့ လက်ကိုင်ထားသည့် Slow and steady wins the race ကို မမေ့သင့်ပေ။ ယခုခေတ်သည် Slow မဖြစ်သင့်တော့ပါဟု စောဒကတတ်လိုပါက တက်နိုင်ပါသည်။ အလျင်အမြန် (Fast) မဖြစ်သင့် ဆိုသည်ကိုလည်း သတိမူသင့်ပေသည်။ အမြန်လိုလျှင် အမှားတွေ တွေ့တတ်ခြင်းမှာ သဘာဝ နိယာမပင် ဖြစ်ပါသည်။ နှေးလွန်းခြင်း၊ မြန်လွန်းခြင်းမဟုတ်ဘဲ မနှေးမမြန် (Steady)ကိုဖြင့် အများစု လက်ခံနိုင်မည် ထင်ပါသည်။ စည်းစနစ်ကျနဖို့က အဓိက၊ အရည်အသွေးပါပါနှင့် ပီပီပြင်ပြင်ဖြစ်ဖို့က အဓိကဖြစ်သည်ဟု ယူဆပါသည်။ အလွန်အရေးကြီးသော အကြောင်းအရာဖြစ်လျှင် Slow + Steady ကပင် ပီပီပြင်ပြင်နှင့် အောင်မြင်မှုကို ဖြစ်ထွန်းစေနိုင်ပါသည်။ အရေးပေါ်ကိစ္စများအတွက်ကိုမူ အလျင်အမြန် ဆောင်ရွက်ခြင်း သည် သဘာဝကျပါသည်။
မြန်မာနိုင်ငံ၌ ဖြစ်စဉ်အချို့ကို ကြည့်လျှင် လုံလောက်သော အချိန်မပေးဘဲ ဆွေးနွေးခြင်းမျိုး၊ ပါသင့်သော ပညာရှင်များ တာဝန်ရှိသူများ မပါဝင်ခဲ့ဘဲ ဆွေးနွေးခဲ့ခြင်းမျိုး၊ တစ်ဦးတစ်ယောက်၏ ညွှန်ကြားခြင်းဖြင့်သာ ဆုံးဖြတ်ခဲ့ကြခြင်းမျိုးများကြောင့် ဆုံးဖြတ်ချက် အမှားများ ပေါ်ပေါက်ခဲ့ ကြရပေသည်။ မြစ်ဆုံပြဿနာသည် ထင်ရှားသော သာဓကဖြစ်ပါသည်။
ဆင်းရဲသားလျော့ပါးရေးအစီ အစဉ်ပင်လျှင် စည်းစနစ်ကျနပီပြင်မှု နည်းပါးသည်ဟုဆိုလျှင် မှားမည် မထင်ပါ။ မူအားဖြင့် ကောင်းသော်လည်း စည်းမျဉ်းစည်းကမ်းနှင့် အကောင်အထည်ဖော်မှုမှာ အလွန် အားပျော့နေလေသည်။
ယနေ့လို ဒီမိုကရေစီကို စတင် အကောင်အထည်ဖော်နေသည့် ကာလတွင် ပြည်သူအများစုနှင့် သက်ဆိုင်သော လုပ်ငန်းရပ်တိုင်းအတွက် ဆောင်ရွက်ရန် ရှိလာပြီဆိုသောအခါ တာဝန်ရှိသူများ၊ တတ်သိပညာရှင်များ ပါဝင်သည့် စည်းဝေးဆွေးနွေးခြင်းမျိုးကို တစ်ကြိမ်မက လိုအပ် လျှင်လိုအပ်သလို နှစ်ကြိမ်သုံးကြိမ် (သို့မဟုတ်)အကြိမ်ကြိမ် ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ပြုလုပ်သင့်ပါသည်။ ပေးသင့်သည့်အချိန်များ ပေးကြရပါမည်။ ၎င်းနောက် ပြန်လည်သုံးသပ်ခြင်း၊ အတည်ပြုခြင်းများ အဆင့်ဆင့် ပြုလုပ်ပြီးမှသာ အကောင်အထည်ဖော်ရန် ညွှန်ကြား ချက်များ ပေးပို့သင့်ပါသည်။ တစ်ချို့လုပ်ရပ်မှာ အမျိုးသားအဆင့်အထိ ဆွေးနွေးပွဲများ ပြုလုပ်ရမည်ဖြစ်သော်လည်း တစ်ချို့မှာ ပြည်ထောင်စု ၀န်ကြီးဌာနအဆင့်၌သာ ပြုလုပ်ကြရပါမည်။တစ်ချို့မှာလည်း ပြည်ထောင်စု ၀န်ကြီးဌာနအဆင့်၌ပင် ပြုလုပ်ကြရပါမည်။ တချို့မှာလည်း တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရ အဆင့်များ၌သာ စည်းဝေးဆွေးနွေးခြင်းများ ပြုလုပ်ကြရမည်ဖြစ်ပါသည်။

သို့မှသာ အများပြည်သူတို့အတွက် တရားမျှမှု၊ ညီမျမှု၊ လွတ်လပ်မှုဆိုသည့် လောကပါလတရားများ ဖြစ်ထွန်းပါလိမ့်မည်။

Comments,,,,,
2-U Mar Ga2012-05-07 12:45
ရှေ့လူတွေ ဘာလုပ်ခဲ့တယ်ဆို ငါ့လာမပြောနဲ့
ငါ့ကျောင်းနေ ငါ့ စာအံပဲ၊
ငါ ၀န်ကြီး၊ ငါ MD, DG, GM, DDG, Director, DGM, CE,
ငါ တော်လို့/ တတ် လို့ ဒီရာထူး ရထားတာ။
ပြဿနာဖြစ်လာရင် ငါပဲ နောက်ဖေးပေါက်က တက်ရတာ၊
အဲဒီတော့ ငါခိုင်းတာလုပ်၊ ပြန်မပြောနဲ့၊ Complaint မတက်နဲ့၊ Rules & Regulations တွေ၊ Procedures တွေ၊ Senior, Junior တွေ လာပြောမနေနဲ့၊
သွားရော့ လဟယ် ဖြစ်ချင်သလား၊
ငါ ရှိနေသ၍ မင်းနံမယ် Promotion အတွက် Nomination တောင် မပါစေရဘူး၊
 
1-Public Servant2012-05-06 23:28
"ဒုဝန်ကြီးများ၊ ညွှန်ချုပ်များ၊ ညွှန်မှူးများနှင့် စည်းဝေးဆွေးနွေး ရေးဆွဲကြရမည်ဟု ထင်မြင်မိပါသည်။"..တဲ့။ စာရေးသူဝန်ထမ်းမဟုတ်ဟု သေချာပေါက်ပြောနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော်.. ဌာနအများစုမှာ ဤသို့မဟုတ်ပါ။ ဒုဝန်ကြီးများ၊ ညွှန်ချုပ်များ၊ ညွှန်မှူးများဆိုသည်မှာ မည်သည့်နေရာက ကျလာသနည်း လူတိုင်းသိကြပါသည်။ ရောက်သောနေရာ၏လုပ်ငန်းသဘာဝကိုလည်း သေချာ သိနိုင်ရန် အခြေခံဗဟုသုတ လွန်စွာမှနည်းပါးရသည့်အထဲ စီးပွားဖြစ်ရသမျှအပြီအုပ်ချင်သူ၊ အာဏာရူးနေသူကများပါသည်။ သူတို့ Department Head ဖြစ်လာသောအခါ မည်သို့စီမံပါသည်လဲ.. သိကြပါသလား။ လွယ်လွယ်လေးပါ။
(၁)Strategic Plan ကိတ်စကြီးလျှင်.. စီမံချက်ရေးပြီးတင်ပြပါဟု အောက်ကိုခိုင်းမည်။
(၂) Case တစ်ခုတက်လာလျှင် စီစစ်တင်ပြပါဟု ပြောပြီးပြန်ချပေးမည်။
(၃) ပြီးလျှင်.. ဆောင်ရွက်ပါဟု ပြန်ချပေးလိုက်မည်။
ဒါဟာ မြန်မာ့ဝန်ထမ်းလောကမှာ နေ့ဓတူဝ တစ်ကယ့်ရင်ဆိုင်နေရသော ပြသနာဖြစ်ပါသည်။ ****သို့သော်....တစ်ကယ့်ပြသနာများ(ကားကိတ်စမျိုးဆိုလျှင်ဖြင့်) တကယ့်တတ်ကျွမ်းသူများမပါပဲ ဘာသာဆုံးဖြတ်လုပ်ရဲပါသည်။ (အဘယ်ကြောင့်ဆိုသော် အဆိုပါမြှုပ်ကွက်က လုပ်စားပါက သိန်းထောင်သောင်းချီ မြတ်နိုင်သောကြောင့်တည်း။)
Ref;newseleven




No comments:

Post a Comment