Popular Posts

Thursday, 12 April 2012

(၃)နိုင်ငံခြားကို မတင်ပို့နိုင်ရင် သေဖို့သာပြင်

မြန်မာပြည် ပြန်လည်ထူထောင်ရေး ပညာရှင်များ အကြံပြုသော နည်းလမ်း (၁၆) သွယ်မှ-
Saturday, 07 April 2012 19:51 နေသွင် 
    ယခုစာစုမှာ အမေရိကန် ကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Ronald Findlay ၏ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေး အကြံပြုချက် ဖြစ်သည်။ မြန်မာပြည်ဖွား စီးပွားရေးနှင့် ကုန်သွယ်ရေး ဘာသာရပ် ပညာရှင် ဒေါက်တာ Findlay သည် ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက မြန်မာပြည်ကို စွန့်ခွာခဲ့ရာကနေ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကိုလီဘီယာတက္ကသိုလ်မှ နိုဘယ်ဆုရ စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ်၊ ကမ္ဘာကျော် မြန်မာလူမျိုး စီးပွားရေးပညာရှင် ဒေါက်တာလှမြင့် တို့နှင့်အတူ မြန်မာအစိုးရကို စီးပွားရေး အကြံဥာဏ်ပေးရန် သွားရောက်ခဲ့ပါသည်။
______________________________________
ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်ပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်ကနေ ရေတွက်ရင် အနှစ် ၅၀ တင်းတင်းပြည့်ပါပြီ၊ ဒီကာလအတွင်းမှာ မြန်မာပြည်ဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ စီးပွားရေးအရ၊ လူမှုရေးအရ ဘက်ပေါင်းစုံမှာ မနှိုင်းယှဉ်နိုင်လောက်အောင် နောက်ကျပြီးရင်း နောက်ကျ ကျန်ခဲ့ပါတယ်။
တကယ်တော့ မြန်မာပြည်ဟာ ၁၉၄၀ ပြည့်နှစ် အင်္ဂလိပ်ကိုလိုနီဘ၀မှာတောင် ကမ္ဘာပေါ်မှာ ဆန်အများဆုံး တင်ပို့တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ နှစ်စဉ် ဆန်တန်ချိန် ၃ သန်း နိုင်ငံခြားကို တင်ပို့ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်မြေပြင် နှစ်ခါဖြစ်ခဲ့လို့ မိအေးနှစ်ခါနာဘ၀ကနေ ၁၉၆၂ ခုနှစ်လောက်မှာ ပြန်လည် နလံထနေပါပြီ။ ပြည်သူ့ကျန်းမာရေး၊ ပညာရေးကဏ္ဍမှာလည်း တော်တော်တန်တန် တိုးတက်ခဲ့သလို စိုက်ပျိုးရေးနဲ့ စက်မှုထုတ်ကုန်လည်း တိုးတက်သင့် သလောက် တိုးတက်ခဲ့ပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်နေ၀င်းက စီးပွားရေးကဏ္ဍအားလုံးကို အစိုးရထိန်းချုပ်မှုအောက် သွတ်သွင်းလိုက်တဲ့ အခါမှာတော့ (ဆိုရှယ်လစ်စီးပွားရေးလို့ ကြွေးကြော်ပြီး ပြည်သူပိုင် သိမ်းလိုက်တဲ့အခါမှာ) စောစောက အခြေအနေတွေ အားလုံး ငါးပါးမှောက်တော့ တာပါပဲ။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်လောက်မှာပဲ ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူတို့က အောင်မြင်တဲ့ စီးပွားရေးဖွံ့ဖြိုးမှုလမ်းစဖြစ်တဲ့ ပို့ကုန်ဦးစားပေးမဟာဗျူဟာကို စတင်ကျင့်သုံးခဲ့ပြီး၊ သူတို့ နောက်က ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ကလည်း လိုက်ခဲ့ကြပါတယ်။
မြန်မာပြည်မှာတော့ စစ်တပ်က ၁၉၉၀ ပြည့်လွန်နှစ်တွေကျတော့မှ အစိုးရက ထိန်းချုပ်မှုစနစ်ကို အပြင်ပမ်းအားဖြင့် လျှော့ချရင်း လမ်းကြောင်းပြောင်း ကြိုးစားခဲ့ပေမယ့် အစိုးရနဲ့ နီးစပ်တဲ့ အခွင့်ထူးခံတစုက ခြယ်လှယ်တဲ့ အရင်းရှင်စနစ် "crony capitalism" ပဲ အဖတ်တင်ခဲ့ပါတယ်။
ဒီကြားထဲမှာ သဘာဝဓာတ်ငွေ့ကို ရှာဖွေတွေ့ရှိသွားလို့ စိုက်ပျိုးရေးပို့ကုန်တွေ အလုံအလောက် မတိုးမြှင့်နိုင်တဲ့နေရာမှာ တစုံတရာ ဖာထေးနိုင်ခဲ့ပေမယ့် အစိုးရဟာ အမေရိကန်နဲ့ အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားရင်း တရုတ်အထောက်အပံ့ အပေါ်မှာ တရစ်ပြီး တရစ်တိုးလို့ မှီခိုလာရပါတယ်။
အရပ်သားအမည်ခံ သမ္မတ ဦးသိန်းစိန်နဲ့ တခြား စစ်အရာရှိဟောင်းတွေရဲ့ အစိုးရသစ်က တိုင်းရင်းသားသူပုန်တွေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ ဒီမိုကရေစီအုပ်စုတွေနဲ့ရော ရင်ကြားစေ့ရေးအတွက် ရှေးရှုလုပ်ဆောင်လာတာတွေက အားတက်စရာပါပဲ။
အဲဒီအတွက်လည်း နိုင်ငံတကာမှာဝင်ဆံလာတဲ့ အကျိုးကျေးဇူး၊ ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းပြီး၊ အပြင်ကမ္ဘာတခုလုံးနဲ့ စီးပွားရေးအရ၊ ဘဏ္ဍာရေးအရ ပုံမှန်အနေအထားမျိုး ပြန်ရဖို့ မျှော်လင့်ချက်တွေရှိလာပါတယ်။ ဒီနည်းကပဲ တရုတ်ကိုချည်း မှီခိုနေရတဲ့ ဘ၀ကနေ လွတ်မြောက်နိုင်ပါလိမ့်မယ်၊ ဒါပေမယ့် အစိုးရက ဘယ်လို စီးပွားရေးမူဝါဒကို ကျင့်သုံးဖို့ ရည်ရွယ်ထားသလဲဆိုတာ အခုအချိန်အထိ တိတိပပ ရှိလှတယ်တော့မဟုတ်သေးပါဘူး။
အိမ်နီးချင်း အရှေ့တောင် အာရှနိုင်ငံတွေရဲ့ အောင်မြင်မှုနောက်ကို အမီလိုက်နိုင်ဖို့ တလမ်းတည်းကို အာရုံစိုက်ဖို့ အရေးဟာ အစိုးရအတွက်သာမက တနိုင်ငံလုံးအတွက်လည်း အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာ အဓိက ကျတာက ပို့ကုန်ဦးစားပေး ဖွံ့ဖြိုးရေး မဟာဗျူဟာ export-oriented development strategy ပါပဲ။
ထိုင်းနိုင်ငံနဲ့ မြန်မာပြည်ဟာ ပထ၀ီအနေအထားချင်းလည်း ဆင်တူ၊ လူဦးရေချင်းလည်း သန်း ၆၀ ၀န်းကျင်မှာ ရှိကြပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကျင့်သုံးတဲ့ ယဉ်ကျေးမှုချင်းလည်းတူ၊ နှစ်နိုင်ငံရဲ့ မျက်မှောက်ခေတ် အတွေ့အကြုံချင်းလည်း ဆင်တူပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံက လူတဦးချင်းစီက အမေရိကန်ငွေ ၂၅ ဒေါ်လာဖိုးလောက် နိုင်ငံခြားကို တင်ပို့နေတဲ့အချိန်မှာ မြန်မာပြည်က လူတယောက်ကို တဒေါ်လာနှုန်းလောက်ပဲ တင်ပို့နိုင်ပါတယ်။
ဒီလိုကွာရတဲ့ အကြောင်းက တချက်တည်းရှိပါတယ်၊ မြန်မာပြည်မှာ နှစ်ပေါင်း ၅၀ လုံးလုံး စီးပွားရေးပေါ်လစီတွေ ချွတ်ခြုံကျ ငါးပါးမှောက်ခဲ့တာရဲ့ ရလဒ်ကြောင့်ပါပဲ။ မြန်မာပြည်အတွက် နဂိုက ပွင့်နေတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို လက်လွှတ်ခဲ့ရပါတယ်။
မြန်မာပြည်မှာ ကုန်ထုတ်လုပ်စရိတ်နည်းပါးတာကို အခွင့်ကောင်းယူပြီး ဆန်နဲ့ တခြား စိုက်ပျိုးရေး ထုတ်ကုန်တွေကို တခြားနိုင်ငံတွေနဲ့ အပြိုင်တင်ပို့ဖို့ ကိစ္စမှာ ငွေလဲနှုန်းစနစ်ကို လက်တွေ့နဲ့ ကိုက်ညီအောင် တမျိုးတည်းကျင့်သုံးတာကလည်း မရှိမဖြစ် လိုအပ်ပါတယ်။
ဒီလိုပဲ လုပ်သားအင်အားကို အလုံးအရင်းနဲ့ အသုံးပြုရပြီး ထုတ်လုပ်ရတဲ့ ထွက်ကုန်ကဏ္ဍကလည်း အရေးကြီးပါတယ်။ ဒီကဏ္ဍတွေမှာ အခွင့်အလမ်းတွေ အတော်အတန်ရှိရက်နဲ့ အဟော သိကံဖြစ်နေရပါတယ်။
နောက်ထပ် ထေ့ငေါ့ချင်စရာ အဆီမငေါ်မတည့်တဲ့ကိစ္စ တခုကတော့ မြန်မာပြည်မှာ ပို့ကုန်ဦးစားပေးမဟာဗျူဟာ အောင်မြင်ရေးမှာ အကြီးမားဆုံး အန္တရာယ်ဖြစ်လာနိုင်တာက နဂိုက မှောင်ခိုဈေးကွက်ပေါက်ဈေးမှာ တဒေါ်လာကို ၁၃၀၀ ကျပ် ဈေးပေါက်နေရာကနေ အခုနောက်ပိုင်း တဒေါ်လာ ၈၀၀ ကျပ်နဲ့ ငွေမာသွားတဲ့ ကိစ္စပါ၊ မြန်မာပြည်မှာ စီးပွားရေး ကောင်းလာ နိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အရင်းအနှီးတွေ အလုံးအရင်းနဲ့ ပြုံဝင်လာတာကြောင့်ပါ။ ဒီကိစ္စကို ထိန်းဖို့ အစီအမံတွေလည်း လိုအပ်ပါတယ်။
ပို့ကုန်တိုးမြှင့်ဖို့ ကိစ္စမှာ နောက်ထပ် အရေးကြီးတဲ့ ပြသနာနှစ်ရပ်ရှိပါတယ်၊ အခြေခံ အဆောက်အဦပိုင်းမှာ အားနည်းနေသေးတာ (ဥပမာအနေနဲ့ မြန်မာပြည်မှာ ဆိပ်ကမ်းကောင်းကောင်းမရှိတာမျိုး)နဲ့ ပညာရေးကို ကာလအတန်ကြာ လျစ်လျူရူ့ထားလို့ လူသားအရင်းအမြစ်ပိုင်းမှာလည်း အားနည်းချက်တွေ ရှိနေတဲ့ကိစ္စပါ။
ဒါပေမယ့် ပြည်ပရောက်တွေရဲ့ အင်အားကလည်း မသေးလှတဲ့အတွက် ဒုတိယပြသနာကို အတိုင်းအတာ အခုအထိတော့ ပြေလည်သွားနိုင်လောက်ပါတယ်။ တဖက်မှာ လိုအပ်သလောက် အင်အားပြည့်ချင်တယ် ဆိုရင်တော့ ပြည်ပရောက်တွေ ပြန်လာနိုင်လောက်တဲ့ ဆွဲဆောင်မှုနဲ့ အခွင့်အလမ်းတွေကိုတော့ လမ်းဖွင့်ပေးဖို့ လိုအပ်မှာပါ။
နောက်တချက်ကတော့ စီးပွားရေးဒဏ်ခတ်မှုကို ရုပ်သိမ်းပေးဖို့ ဖြစ်ပါတယ်၊ မြန်မာပြည်မှာ ဆက်တိုက်ဆိုသလို နိုင်ငံရေးဖြေလျှော့မှုတချို့ လုပ်လာတာရဲ့ အတုံ့အလှည့်အဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးလိုက်မှပဲ ပို့ကုန်ဦးစားပေး ဖွံ့ဖြိုးရေး မဟာဗျူဟာလည်း အောင်မြင်စရာ အကြောင်းရှိပါတယ်။
နေသွင်-maukka.org

ဆက်စပ်သောဆောင်းပါးများ-

No comments:

Post a Comment